Sunday, January 25, 2015

ဝီရသူဆိုသူဘယ်လိုလူစားနည်း?

 
Bangkok Post နဲ့ Straits Times က Myanmar firebrand monk defend UN whore slur
မြန်မာ့ ဘုန်းကြီးက ကုလသမဂ္ဂဖာသည်မဆိုပြီး တိုက်ခိုက်ခြင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြခဲ့တယ်..Bangkok Post နဲ့ Straits Times က Myanmar firebrand monk defend UN whore slur

မြန်မာ့ ဘုန်းကြီးက ကုလသမဂ္ဂဖာသည်မဆိုပြီး တိုက်ခိုက်ခြင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြခဲ့တယ်..

ဤအကြောင်းအရာတွေကို မရေးချင်။ အထူးသဖြင့် ဝီရသူအကြောင်းဆို ပို၍ပင်မရေးချင်။ သို့ရာတွင် သူကတိုင်းပြည်အရေးကို ဝင်ရောက်နှောက်ယှက်လာသည့်အတွက် ရေးမှဖြစ်မည်ဟု ယူဆမိသဖြင့် ရေးလိုက်သည်။ ဝီရသူသည် အထက်ဗမာပြည်တွင် မွတ်စလင်ဆန့်ကျင်ရေးလှုံဆော်မှုကြောင့် မွတ်ဆလင်ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် ကလေးငယ်တို့ မီးလောင်နေဆုံးသွားမှုကြောင့် ထောင်ကျ ခဲ့သည်ဟု ကြားသိရသည်။ ဤအတိုင်းမှန်ပါကလူကိုသေစေရန် လှုံဆော်သဖြင့် ဗုဒ္ဓဘာသာအရ ပါရာဇိကံကျပြီး ဖြစ်သည်။ ရာဇဝတ်ပြစ်မှုဖြင့်ထောင်ကျခဲ့သူဖြစ်သည်။

ကျနော်တို့ အမေရိကရောက်ကျောင်းသားများ မြန်မာပြည်သို့ အစိုးရအဖွဲ့ဝန်ကြီးနှစ်ဦးနှင့် ပထမအကြိမ် တွေ့ဆုံဆွေးနွေးရန် ပြည်တော်ပြန်လာစဉ်က မန္တလေးမစိုးရိမ်တိုက်ဟောင်းနှင့် တိုက်သစ်မှ ဆရာတော်များကြီးကို သွားရောက်ဂါရဝပြုစဉ် တိုက်သစ်တွင် သီတင်းသုံးနေသော ဝီရသူကို မွတ်ဆလင်ဆန့်ကျင်ရေးလုပ်နေသဖြင့် နာမည်ထွက်နေသောသူဖြစ်ကြောင်း ပြောပြကြသဖြင့် လေ့လာလိုသည့်စိတ်နှင့် ကျနော်၊ မိုးသီးဇွန်၊ ကိုကိုလေး၊ မူးသာတို့အပြင် အေဘီအက်ဒီအက် မြောက်ပိုင်းအသက်ဘေးမှ လွတ်လာသော ကျောင်းသားများအဖွဲ့မှ ကိုညီညီကျော်၊ မအမာနီတို့ သွားရောက်တွေ့ဆုံခဲ့ကြသည်။

ဝီရသူကျောင်းသို့ရောက်ပြီးနောက် ယင်းပုဂ္ဂိုလ်က ချက်ချင်းထွက်မလာဘဲနေပြီးမှ ဗီဒီယိုရိုက်ကူးသူ ပုဇင်းပျိုတပါးဖြင့် ကျနော်တို့အုပ်စုကို ဗီဒီယိုရိုက်စေပြီး ဧည့်ခံစကားပြောသည်။ ကျနော်တို့သည် အေဘီအက်စ်ဒီအက်ဖ်မှ ခေါင်းဆောင်များဖြစ်သည်ဟု မိတ်ဆက်ခဲ့ပြီးနောက် သူက ကျနော်တို့အား “အခု မြောက်ပိုင်းအေဘီအက်စ်ဒီအက်ဖ်မှာ ဖြစ်ခဲ့တဲ့သတ်ဖြတ်မှုတွေဟာမဖြစ်သင့်ကြောင်း၊ သို့သော်လည်းထိုသို့ သတ်ဖြတ်မှုကိုကျူးလွန်သူများကို လက်စားခြေမည်ဆိုသည်မှာလဲ မဖြစ်သင့်ကြောင်း၊ ထိုသို့ လက်စားခြေအရေးယူရန်လုပ်နေခြင်းသည် လူယုတ်မာတို့၏ လုပ်ရပ်သာဖြစ်ကြောင်း ပြောကြားသည့်အခါ မြောက်ပိုင်းတွင် မတရား နှိပ်စက်ညှင်းပန်း ခံခဲ့ရသူ ကိုညီညီကျော်နှင့် အသတ်ခံရသူအထက်ဗမာပြည်ဗကသဥက္ကဋ္ဌကိုထွန်းအောင်ကျော်၏ ဆွေမျိုးတော်စပ်သူ မအမာနီတို့မှာ အတော် လှုပ်လှုပ်ရှားရှား ဖြစ်၍သွားခဲ့ပါသည်။

ကျနော်မှ “ဦးပဇင်းအနေနဲ့က ဗုဒ္ဓဘာသာဝင်ရဟန်းဖြစ်နေတော့ ဗုဒ္ဓရဲ့အဆုံးအမအတိုင်း သည်းခံဖို့ ခွင့်လွှတ်ဖို့ ပြောတာနားလည်ပါတယ်။ ဒါပေမဲ့ ဒီအသတ်ခံရတဲ့သူတွေထဲမှာ ဦးပဇင်းရဲ့အဖေ၊ ညီအစ်ကိုမောင်နှမ၊ ဆွေမျိုးတွေ တယောက်မှ မပါဘူး။ ဦးပဇင်းကိုယ်၌ကလည်း နှိပ်စက်တာ မခံစားခဲ့ရဘူး။ ဒါကြောင့် ဦးပဇင်းက ခွင့်လွှတ်သင့်တယ်ဆိုတာကို လွယ်လွယ်နဲ့ပြောနိုင်ပေမဲ့ ဖခင်တွေ၊ အကိုတွေ၊ သမီးတွေ၊ သားတွေ ဆုံးရှုံးခဲ့ရတဲ့ သူတွေအနေနဲ့ တရားမျှတမှုကိုတော့ လိုလားမှာ အမှန်ပါဘဲ။ ဒါကို ယုတ်မာတယ်လို့ မသတ်မှတ်သင့်ပါဘူး။ နောက်တချက်က ဦးပဇင်းပြောသလို ဒီလိုလူသတ်တရားခံတွေကို လက်စားမခြေနဲ့ ခွင့်လွှတ်လိုက်လို့ဆိုရင် ကျနော်တို့ နိုင်ငံမှလူသတ်မှုကိုတောင်ခွင့်လွှတ်ပြီဆိုမှ ထောင်ဆိုတာ ထားစရာတောင် မလိုတော့ဘူး။ ကျန်တဲ့အမှုတွေဟာ အသေးအဖွဲလေးတွေပဲ။ ဒါကြောင့် ထောင်လည်း မထားဘဲ အပြစ်လုပ်တဲ့သူတွေ မှန်သမျှ ခွင့်လွှတ်လိုက်ရင် မြန်မာပြည်မှာ လုပ်ချင်တာလုပ်ဟေ့ အားလုံးက ခွင့်လွှတ်တယ်ဆိုပြီး လူတွေသတ် ဓါးပြတိုက်နဲ့ မင်းမဲ့စရိုက်တွေ ကြီးစိုးလာမှာပဲ၊ ထောင်တွေထားတာ ဒီလိုဖြစ်မလာ အောင်ပေါ့” ဟု ပြောလိုက်သည့်အခါ ဝီရသူငိုင်သွားသည်။ ဘာမှဆက်မဟနိုင်တော့။ ဝီရသူသည် ထိုကဲ့သို့သင်္ကန်းဝတ် ဖြစ်သည်။ ဘုန်းကြီးတော့မဟုတ်။ အတွေးအခေါ်မရှိ ထင်ရာပြော ထင်ရာလုပ်နေသည့်လူရမ်းကားသာဖြစ်သည်။

ယခု ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စယုံဟီလီးကို “မျိုးစောင့်ဥပဒေ ဒီလောက်ချပြထားတာ ဒီကောင်မက တစ်ခုမှ မလေ့လာဘဲ ဟိုစွာကျယ်မတွေ တင်ပြတာနဲ့တင် လူ့အခွင့်အရေးနဲ့ မညီဘူးဆိုပြီး ကန့်ကွက်နေတဲ့ ကောင်မရော အမျိုးကောင်းသမီး ဟုတ်ပါသလား။ ကုလသမဂ္ဂထိုင်ခုံပေါ် ရောက်တယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် လူကြီးလူကောင်းလို့ အောက်မေ့မနေနဲ့။ ခင်ဗျားဟာ ကျုပ်တို့နိုင်ငံအတွက်တော့ ဖာသည်မပဲဗျ။ ခင်ဗျားစိတ်ပါလို့ ခင်ဗျားကုလားကို ဖင်ပေးပါ”။ စသည်ဖြင့် ယုတ်ရင်းကြမ်းတမ်းသောစကားကို ဆဲရေးပြောခြင်းသည် သူ၏အဆင့်အတန်းကို ဖေါ်ပြနေသလိုတဖက်မှလည်း ဗုဒ္ဓဘာသာအခြေခြုံထားသည့်အတွက် မြန်မာဗုဒ္ဓဘာသာ ရဟန်းတွေဟာ ဒီလိုအောက်တန်းကျတဲ့ စကားတွေပြောပါလား၊ ပြောရင်လည်း အပြစ်မယူပါလားဟု မြန်မာနိုင်ငံ၏ သံဃာထုကြီးတစ်ရပ်လုံးကိုလည်း ဂုဏ်သိက္ခာညှိုးနွမ်းစေသည့်အပြင် ဗုဒ္ဓဘာသာ၏ ဂုဏ်ကိုလည်း တိုက်ရိုက်ထိခိုက်စေသည်။

တဖက်တွင်လည်း စာရေးဆရာထင်လင်းဦးကို သာသနာညှိုးနွမ်းစေမှုဖြင့် ရဲမှအမှုဖွင့်၍ အရေးယူ ထားပြီး အာမခံပေးရန်လျှောက်ထားမှုကို တရားသူကြီးကသုံးကြိမ်တိတိပယ်ချပြီးဖြစ်သည်။ စာရေးဆရာထင်လင်းဦးတွင် အရေးယူခံရနိုင် လောက်သည့် သာသနာညှိုးနွမ်းစေသည့် အပြောအဆိုကို မတွေ့ရပါ။ ဦးထင်လင်းဦးက မိမိအမျိုးကိုမှ ချစ်မည်ဆိုလျှင် “ဗုဒ္ဓသည် မြန်မာပြည်ရှိ မည်သည့် တိုင်းရင်းသားမှ မဟုတ်သည့်အတွက် အမျိုးချစ်ရင်မကိုးကွယ်ကြနဲ့ပေါ့” ဟုဆိုသည်။ သူကဆက်၍ “ဗုဒ္ဓကို ကိုးကွယ်သည်မှာ သူ၏တရားဓမ္မကိုကြည်ညိ၍ ဖြစ်သည် လူမျိုးကိုကြည့်၍ ကိုးကွယ်ခြင်းမဟုတ်” ဟု ဆိုသည်ကို အထအနကောက်ပြီး “ဗုဒ္ဓကို မကိုးကွယ်နဲ့” ဆိုပြီးပြောသည်ဆိုသည့်အပိုင်းကိုသာ ဖေါ်ပြပြီး သူပြောသည့်အကြောင်းအရာ အပြည့်အစုံကို မဖေါ်ပြဘဲ တရားစွဲဆိုကြခြင်း ဖြစ်သည်။ “သာသနာကိုဖျက်နေသောသူများသည် သာသနာ အရေခြုံထားသည့် သီလကြောင်များကြောင့်သာဖြစ်သည်” ဟု သူကပြောသွားခြင်း သည်လည်း ဗုဒ္ဓသာသနာကို သန့်စင်လိုသည့် စေတနာဖြင့် သာသနာကို ခုတုံးလုပ်နေသည့် သင်္ကန်ဝတ် အရေခြုံများကိုသာ ပြစ်တင်ပြောကြား သွားခြင်းဖြစ်သည့်အတွက် သူ့အား သာသနာ ညှိုးနွမ်းစေမှုဖြင့် တရားစွဲခြင်းသည် ယနေ့ မြန်မာနိုင်ငံတွင် တရားဥပဒေအမှန် တကယ်စိုးမိုးမှု မရှိကြောင်း မတရားဥပဒေသာရှိကြောင်း သက်သေပြချက်တခုပင်ဖြစ်သည်။

ဝီရသူသည် မန္တလေးမဘသညီလာခံကြီးတွင် လူတွေ့မေးမြန်းစဉ်က သူ့အနေနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီရအောင် ကြိုးစားနေသည့်အတွက် လေးစားကြောင်း သို့ရာတွင် သမ္မတအဖြစ် ရွေးရမည်ဆိုလျှင် သူမသည် နိုင်ငံခြားသားကို ယူထားသဖြင့် တိုင်းပြည်အတွက် အသက်စွန့် တာဝန်ထမ်းဆောင်ခဲ့သော သူရဦးရွှေမန်းကိုသာ ရွေးမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်မှာ ကြံခိုင်ဖြိုးပါတီအတွက် ဗြောင်မဲဆွယ်မှုပင် ဖြစ်သည်။

သာသာနာကို မပျက်မယွင်းအောင် စောင့်ရှောက်ရမည်ဆိုသောသူသည် ဗုဒ္ဓဘာသာဝင် နိုင်ငံခြားသားကို ယူခဲ့သော ဒေါ်အောင်ဆန်းစုကြည်ကို မဲမပေးဟုဆိုခြင်းသည် သူ့ပြောစကားနှင့် ရှေ့နောက်ဆန့်ကျင်လျက်ရှိသည်။ ဗုဒ္ဓဘာသာဝင်ဖြစ်သော်လည်း နိုင်ငံခြားသားဆိုလျှင် လက်မခံဆိုသည်မှာ ဘာသာရေးထက် လူမျိုးရေးကို ဦးစားပေးနေသော အရေခြုံဘုန်းကြီး ဖြစ်နေကြောင်း သက်သေပြမှုပင်ဖြစ်သည်။

နိဂုံးအားဖြင့် ဗုဒ္ဓမြတ်စွာသာသနာကို အမှန်တကယ် ညှိုးနွမ်းအောင် ဂုဏ်သိက္ခာ ကျအောင် ပြုလုပ်ခဲ့သော ဝီရသူလိုသူမျိုးကို ချက်ချင်းအရေးယူသင့်သော်လည်း အစိုးရခါးပိုက်ထဲမှ သံဃာ့မဟာနာယကအဖွဲ့ကြီးသည်လည်း တိုင်သူမရှိ၍ ဆိုပြီးနှာစေးနေခြင်းနှင့် အစိုးရရဲတပ်ဖွဲ့မှလည်း အပြစ်မရှိသူကို ဖမ်းဆီးပြီးအပြစ်ရှိသူကို အရေးမယူဘဲ လွှတ်ထားခြင်းတို့သည် ဝီရသူကို အစိုးရမှမွေးထားခြင်းကို ထင်ရှားစေသည်။

ထွန်းအောင်ကျော် (၇၄)

No comments: