Saturday, December 15, 2012

တိုက်တဲ့ခွပ်ဒေါင်း နဲ့  ရဲတဲ့မနောစစ်သည်


နိင်ငံတော်အစိုးရ တောင်း ပန်

နိုင်ငံတော်အစိုးရက ယနေ့မွန်းလွဲ ၂ နာရီတွင် မဟာအတုလဝေယံ(အတုမရှိ)ကျောင်းတော်ကြီး၌ ပြုလုပ်ခဲ့သည့် ၀န်ချတောင်းပန်သော အခမ်းအနားမှာ ညနေ ၄ နာရီတွင် ပြီးဆုံးခဲ့ပြီး အစိုးရ၏တောင်းပန်မှုကို သံဃာအများစုက ကျေနပ်လက်ခံခဲ့ကြသည်။ အခမ်းအနားတွင် မဟာဂန္ဓာရုံကျေ
ာင်းတိုက် ဒုတိယနာယကချုပ် ဆရာတော်က ငါးပါးသီလချီးမြှင့်ခဲ့ပြီး နိုင်ငံတော်အစိုးရအဖွဲ့က သံဃာတော်များကိုတောင်းပန်သော တောင်းပန်ချိုးကို ဆရာတော်ဝီရသူက တိုင်ပေးကာ အစိ

ုးရအဖွဲ့ဝင်များက လိုက်ဆိုကြသည်။ ကန်တော့ချိုးမှာ "အရှင်ဘုရား တပည့်တော်တို့သည် မိုက်မဲသည့်အလျောက်၊ တွေဝေသည့်အလျောက်၊ မလိမ္မာသည့်အလျောက် သံဃာတော်ကို အစိုးမရခြင်းတည်းဟူသော အကြောင်းကြောင့် ကိုယ်ထိလက်ရောက် ကျူးလွန်မိပါသည်။ 
အရှင်ဘုရား ထိုတပည့်တော်တိုးအား သံဃာတော်သည် နောင်အခါ စောင့်စည်းခြင်းငှာ အပြစ်ကို အပြစ်အားဖြင့် ရှုမြင်၍ ကရုဏာရှေ့ထား မေတ္တာအားဖြင့် ခွင့်လွှတ်တော်မူပါဘုရား" ဟု၍ ဖြစ်သည်။ နိုင်ငံတော်အစိုးရကိုယ်စား သမ္မတရုံးဝန်ကြီး ပြည်ထောင်စုဝန်ကြီးဦးလှထွန်းက သံဃာတော်များကို တောင်းပန်ကြောင်း ထပ်မံလျှောက်ထားခဲ့သည်။ ထို့နောက် မုံရွာမြို့မှ ဇောတိကရာမကျောင်းထိုင်ဆရာတော်၊ မြို့မဂါတ်ကျောင်းဆရာတော်၊ ဂဠုန်နီဆရာတော်ဦးက၀ိရတို့က သြ၀ါဒစကားမိန့်ကြားခဲ့သည်။

ဂဠုန်နီဆရာတော်ဦးက၀ိရက အစိုးရအဖွဲ့၏ တောင်းပန်မှုကို သံဃာတော်များအနေဖြင့် ကျေနပ်ပါက သာဓုခေါ်ရန် မိန့်ကြားသောအခါ အခမ်းအနားတက်ရောက်လာသော သံဃာအားလုံးက သာဓုခေါ်ကြသည်။ အစိုးရအဖွဲ့၏ တောင်းပန်မှုကို သံဃာတော်များက ကျေနပ်ပြီဖြစ်သည့်အတွက် သံဃာတော်များက ဆန္ဒပြမှုများ ပြုလုပ်တော့မည်မဟုတ်ကြောင်း ဂဠုန်နီဆရာတော်ဦးက၀ိရက 7Day News သို့ မိန့်ကြားသည်။ ထိုအခမ်းအနားတွင် ဒဏ်ရာပြင်းထန်သော သံဃာလေးပါးကို နိုင်ငံခြားသို့ ပို့ဆောင်၍ ဆေးဝါးကုသမှုပေးရန် ဂဠုန်နီဆရာတော်ဦးက၀ိရက မိန့်ကြားရာ၌ ၀န်ကြီးဦးလှထွန်းက အဆိုပါသံဃာလေးပါးကို ရန်ကုန်မြို့သို့ ပို့ဆောင်ကာ ဆေးဝါးကုသမှုပေးမည်ဖြစ်ပြီး လိုအပ်ပါက နိုင်ငံခြားသို့ ပို့ဆောင်ကုသပေးမည်ဖြစ်ကြောင်း ပြန်လည်လျှောက်ထားခဲ့သည်။

ဓာတ်ပုံ - မောင်တာ
7 Days

Friday, December 14, 2012

“တပ်မတော်က ပြည်သူ့ အတွက်လား အဲဒီလူကြီးတွေအတွက်လား” (ဦးအောင်လင်းထွဋ်)

ဦးပိုင်ကုမ္မဏီတွေနဲ့ ပက်သက်ပြီးတော့ သူတို့  ၁၉၉၀ ခုနှစ်လောက်ကစပြီးတော့မှ အမှန်တကယ် ရည်ရွယ်ချက်ကတော့ တပ်မတော်ရဲ့ မိသားစုတွေသက်သာချောင်ချိရေးနဲ့  တပ်မတော်သားဟောင်းတွေရဲ့ မိသားစုတွေသက်သာချောင်ချိရေးဆိုတာကို ရည်ရွယ်ပြီး ဒီလို ဖွဲ့ ခဲ့တာပါ။

ဒါပေမယ့် နောက်ပိုင်းမှာ ဦးပိုင်ရဲ့ ရည်ရွယ်ချက်တွေကို ပျောက်ပြီးတော့မှနိုင်ငံတစ်နိုင်ငံလုံးရဲ့ စီးပွားရေးကိုပါ ထိန်းချုပ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်မျိုးတွေအနေအထားမျိုးရှိလာတယ်။ အထူးသဖြင့်တော့ ဒီကိစ္စတွေဟာ၁၉၉၇ ခုနှစ်ပေါ့လေ၊ န၀တ ကနေပြီး နအဖ ကို ပြောင်းတဲ့အချိန် နောက်ပိုင်းမှာဖြစ်လာတဲ့အနေအထားမျိုး ရှိပါတယ်။ အဲဒီအချိန်က စပြီးတော့မှမြန်မာနိုင်ငံမှာရှိတဲ့ သတ္တုနဲ့ ပက်သက်ပြီးတော့ ဖားကန့် တို့  မိုးကုတ်တို့ မှာတပ်မတော်ရဲ့  ဦးပိုင်ရဲ့  ကွပ်ကဲမှုအောက်ကို ရောက်ခဲ့ပါတယ်။ ပိုပြီး ဆိုးတာကဒီ ဂတ်စ် ပေါ့လေ၊ ဂတ်စ် ပိုက်လိုင်းက ရတဲ့ပိုက်ဆံအားလုံးက တပ်မတော်၇ဲ့ ဦးပိုင်ကုမ္မဏီကို သွားပြီးတော့မှ၊
ဦးပိုင်ကုမ္မဏီက ခွဲဝေမျှပေးတဲ့ ပိုက်ဆံကိုသာနိုင်ငံတော်က ပြည်သူလူထုက ခံစားရတဲ့အနေအထားမျိုးတွေ ရှိခဲ့ပါတယ်။

အဲဒီပိုက်ဆံတွေကိုလည်း တစ်ချိန်က နေပြည်တော်ဆောက်တယ်၊ MIG 29၀ယ်တယ်၊ နောက် လှိုဏ်ခေါင်းတွေ တူးတယ်၊ နျူကလိယားစီမံကိန်းတွေလုပ်တယ်၊ မစ်ဇိုင်းတွေလုပ်တယ်။ ဒီလို စစ်တပ်နဲ့ ပက်သက်ပြီးတော့ပိုက်ဆံတွေ သုံးတယ်။ ၀ယ်လို့ ရတဲ့ စစ်လက်နက်ပစ္စည်းတွေနဲ့  ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေကို တိုက်တယ်။ အဲတော့ အကျိုးမရှိတဲ့လုပ်ငန်းတွေကို ဦးပိုင်အနေနဲ့  အထောက်အကူပြုတဲ့ အနေအထားတွေဖြစ်ပါတယ်။

ခုလက်ရှိအချိန်အခါမှာတော့ အနေအထားတွေ ပြောင်းလဲလာချင်တဲ့သူတွေရှိလာပြီ ဖြစ်ပါတယ်။ သို့ သော် တစ်ချိန်က စစ်အာဏာရှင်ရဲ့ အမွေဆိုးတွေကရှိနေတုန်း ဖြစ်ပါတယ်။လက်ရှိအခြေအနေမှာ ဦးပိုင်နဲ့ ပက်သက်ပြီးတော့များ တစ်ခုခုဖြစ်လာရင်တော့ စစ်တပ်ထဲမှာလည်း အပေါ်ပိုင်းနဲ့ အောက်ပိုင်းဆိုပြီးတော့ နှစ်ပိုင်း ကွဲသွားနိုင်ပါတယ်။

ဘာဖြစ်လို့ လည်းဆိုတော့ရဲဘော်ပိုင်း စစ်သည်ပိုင်းက ဦးပိုင်ရဲ့ ခံစားမှုတွေကို မရပါဘူး။ အပေါ်ပိုင်း လူကြီးပိုင်းတွေပေါ့လေ၊ တပ်ရင်းမှူးအဆင့်လောက်ကနေဗိုလ်ချုပ်ကြီးအဆင့်လောက်အထိဘဲ ဦးပိုင်ရဲ့  ခံစားမှုကို ရပါတယ်။ ဘာဖြစ်လို့ ရလည်းဆိုတဲ့အခါကျတော့ ဦးပိုင်မှာနှစ်စဉ်ပေါ့လေ၊ ၃၀ ရာနှုန်း ဥပမာ ငွေတစ်ရာထည့်ရင် သုံးဆယ်ကျပ်ကို အမြတ် ပြန်ရပါတယ်။

ရဲဘော်က ရာဂဏန်း ထောင်ဂဏန်းလောက်ဘဲ ထည့်နိုင်ပါတယ်။အရာရှိကြီးတွေက အနည်းဆုံး သိန်း ၂၀ ကနေပြီး အထက်ကို ထည့်တဲ့အခါတစ်နှစ် တစ်နှစ်ကို အရာရှိကြီးတွေအနေနဲ့  အမြတ်က သုံးဆယ် ရာခိုင်နှုန်း၊သုံးဆယ် ရာခိုင်နှုန်းနဲ့  စဉ်းစားကြည့်ရင် သိန်းတစ်ရာထည့်တဲ့သူကနှစ်စဉ် သိန်းသုံးဆယ် အမြတ်ရနေတဲ့ အနေအထား ရှိပါတယ်။ ရဲဘော်မိသားစုတွေအနေနဲ့ ကတော့ ဘာမှ သိပ် ဟုတ်တိပတ်တိနဲ့ ခံစားခွင့်ရတဲ့ အနေအထားမျိုး မရှိပါဘူး။ ရဲဘော်ပိုင်းတွေ စစ်သည်ပိုင်းတွေအနေနဲ့ ကတော့ ဦးပိုင် အခု အခြေအနေပြောင်းရင် ထောက်ခံမယ်၊ဒါပေမယ့် ဗိုလ်ချုပ်ကြီးတွေပိုင်းကတော့ ဆန့် ကျင်ကောင်းဆန့် ကျင်ပါလိမ့်မယ်။

အဲဒါတွေကို ဖော်ထုတ်မယ်ဆိုရင်တော့ ဒီ ခရိုနီတွေနဲ့ ပက်သက်ပြီးတော့ဟိုအရင် ခေါင်းဆောင်ကြီးက စပြီးတော့၊ အခု လက်ပံတောင်းတောင်မှာဘဲကြည့်ပါ။ တရုတ်သံအမတ်က ရှင်းတဲ့အခါမှာ ရတဲ့အကျိုးအမြတ်တွေထဲမှာ၁၃ ရာနှုန်း ၅၀ ရာနှုန်းတို့ ရှိပါတယ်။ ကျန်တဲ့ ၄၀ ရာခိုင်နှုန်း ၅၀ ရာခိုင်နှုန်းကပျောက်နေတဲ့ အနေအထားမျိုးတွေ ရှိပါတယ်။ ဒါတွေက ဘယ်ကိုသွားသလဲဆိုတာ မေးစရာအနေအထားမျိုးတွေ ရှိပါတယ်။ အထူးသဖြင့် ဖားကန့် တို့ မိုးကုတ်တို့ မှာ နာမည်ကြီး ခရိုနီတွေကို ပေးပြီးတော့မှ နောက်ကွယ်ကနေ၃၀ ရာနှုန်း ၄၀ ရာနှုန်း ပေးရမယ်ဆိုပြီး ပါးစပ် ပါဆင်းနိတ် ယူထားတဲ့သူတွေ အများကြီးရှိပါတယ်။ ဒါတွေကို ပြန်ပြီးတော့ ဖော်ထုတ်မယ်ဆိုရင်တော့အဲဒီလူတွေကို တရားရုံး ပြန်ပြီးတော့ တင်ရမယ့်အနေအထားမျိုး ရှိပါတယ်။အဲဒီအခါမှတော့ လက်ရှိ ရှိနေတဲ့ အစိုးရရော တပ်မတော်ရောက အဲဒီ လူကြီးတွေကို ဘယ်လောက်အကာအကွယ်ပေးမယ်ဆိုတာကတော့ကျွန်တော်တို့  စောင့်ကြည့်ရမယ်။ အဲဒီ့ အချိန်အခါကျမှ အစိုးရကရောတပ်မတော်ကရော ပြည်သူလူထုအတွက်လား၊ အဲဒီ လူကြီးတွေအတွက်လားဆိုတာကို ပီပီပြင်ပြင် ပေါ်လာပါလိမ့်မယ်။

(ဦးအောင်လင်းထွဋ်)

 from-ဘီဘီစီ မြန်မာပိုင်း

Sunday, December 9, 2012

"စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ် ရဲ့ အစေခံ မဖြစ်ရဘူး... *၁၉၆၂ခုနှစ်မှယနေ့အထိဖုံးကွယ်ဖျောက်ဖျက်ထားခြင်းခံရသော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း...



ရဲဘော်တို့...

ယနေ့ရဲဘော်တို့အစုအချို့ဟာစစ်ဗိုလ်လောင်းကလေးများအဖြစ် ဘွဲ့အဆင့်အတန်းကို ခံယူကြရတော့မယ်။ ယနေ့ အထိ ရဲဘော်တို့ဟာ ကျောင်းသားများဖြစ်ပြီး တာဝန်ရယ်လို့ မိမိတို့အပေါ်မှာ မရှိကြသေးဘူး။

ယနေ့ကျောင်းကထွက်ပြီး ဗမာ့တပ်မတော်အသီသီး ဋ္ဌာနအသီးသီးမှာ ရာထူးအလုပ်ဝတ္တရားများရတာနဲ့တပြိုင်နက် ရဲ ဘော်တို့ အသီးသီးမှာ ကိုယ့်တာဝန်နှင့် ကိုယ့်ဝတ္တရားနှင့် ဖြစ်သွားပြီ။ ဒီလို ကိုယ့်တာဝန် ကိုယ့်ဝတ္တရားနှင့် ဗမာနိုင်ငံ တော်နဲ့ ဗမာ့တပ်မတော်ရဲ့ အမှုကိုထမ်းကြတဲ့အခါ ရဲဘော်တို့ကို မှာသင့်မှာရာ အချက်တွေကို ငါတို့မှာကြားလိုတယ်။

ပထမဆုံး ရဲဘော်တို့ကိုမှာချင်တာက ငါတို့အခုဗမာနိုင်ငံဟာကိုယ့်မင်းကိုယ့်ချင်းနိုင်ငံ ဖြစ်တယ်။ ဒို့တပ်မတော်ဟာ တနိုင်ငံလုံးတမျိုးသားလုံးရဲ့အကျိုးအတွက်ဖြစ်တယ်။ ဒါကြောင့် ဒီနိုင်ငံ ဒီအကျိုးကို ကာကွယ်ရမယ့် ဗမာ့တပ်မတော် ဟာလည်း ဗမာတနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ်တယ်ဆိုတာ နားလည်ရမယ်။

ဒီတပ်မတော်ဟာ လူတဦးတယောက်အတွက် တည်ထောင်ထားတာမဟုတ်။ တနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ် တယ်။ ဒီတပ်မတော်ဟာ တဖွဲ့တပါတီ လူတစုအတွက် တည်ထောင်ထား တာမဟုတ်။တနိုင်ငံလုံးတမျိုးသားလုံးအတွက် ဖြစ်တယ်။

တကယ့်သစ္စာဖြစ်ရမယ်...
ဒီတပ်မတော်ဟာ ရှေးအင်္ဂလိပ် လက်ထက်ကလို ကြေးစားတပ် မဟုတ်။ နိုင်ငံနဲ့ အမျိုးကို ကာကွယ်စောင့်ရှောင့်ဖို့ နိုင်ငံ နှင့်အမျိုးကို မတင်ပေးဖို့ ဖြစ်တယ်။ ဒါကြောင့် ဒီတပ်မတော်ဟာ နိုင်ငံနဲ့အမျိုး၏ သစ္စာကို အမြဲစောင့်ရမယ်။ ရှေးတုန်း ကလို တခြားနိုင်ငံ တခြားအမျိုးကို သစ္စာစောင့်တာမဟုတ်။ အဲဒီလိုစောင့်တဲ့ သစ္စာဟာ ဝတ်ကြေတမ်းကြေစောင့်တဲ့ သစ္စာ ဖြစ်တယ်။ အခု ငါတို့ဟာ ငါတို့အမျိုး ငါတို့နိုင်ငံကို သစ္စာစောင့်ရမယ်။ ဒါကြောင့် ငါတို့စောင့်တဲ့သစ္စာဟာ တကယ့် သစ္စာဖြစ်ရမယ်။ အပေါ်ယံသာဖြစ်တဲ့ သစ္စာမဖြစ် ရဘူး။ ဘယ်လိုစောင့်ရမလဲ။ ယခုအခါ ရဲဘော်တို့ပေါ်မှာ နည်းလမ်းအ တိုင်း အဆင့်ဆင့်ခန့်အပ်ထားတဲ့ အကြီးအမှူးအားလုံးတွေဟာ ဒီနိုင်ငံ ဒီအမျိုးရဲ့ ကိုယ်စားတွေပဲ။ အဲဒီ ကိုယ်စား နိုင်ငံနဲ့ အကျိုးကို သစ္စာစောင့်ခြင်းဟာ ကိုယ့်နိုင်ငံနဲ့ ကိုယ့်အမျိုးကို သစ္စာစောင့်တာပဲ။ ဒီတော့ ရဲဘော်တို့ မေးစရာ စကားတခွန်း ရှိတယ်။ တကယ်လို့ ဒီအကြီး အမှူးတွေထဲက ဘယ်သူဖြစ်ဖြစ် ကိုယ်ကြိုးငဲ့ပြီး နိုင်ငံနဲ့ အမျိုးကိုသစ္စာမဲ့ပြီး လုပ်ရင် ဘယ့် နှယ့်လုပ်မလဲ။ ဒီလို ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ နိုင်ငံကို ဆန့်ကျင်တဲ့ အကြီးအမှုးတွေ ဟာ ကြာကြာ မနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။ ရာဇဝင်မှာ ကြည့်လို့ရှိရင် ဘယ်လောက် ကြီးတဲ့လူ ဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ် ကျတာချည်းပဲ။ ဒီလိုမတရားတဲ့ အကြီးအမှုးတွေ ရှိရင် ရဲဘော် တို့ရဲ့ အပေါ်မှာလည်း တည်တယ်။ ဥပမာ မတရားတဲ့ အ ကြီးအမှုးတယောက်က ဝတ္တရားနဲ့ မဆိုင်တဲ့ နိုင်ငံနှုင့် အများအကျိုးနဲ့ မပတ်သတ်တဲ့ အမိန်ကမျိုးပေးတဲ့အခါ အမိန့်ဟာ နည်းကျမကျ တရား မတရား နိုင်ငံနဲ့ အမျိုးမှာ အကျိုးရှိမရှိ ကြည့်ရမယ်။ အဲသလိုကြည့်တဲ့အခါ ကိုယ့်စိတ်ထဲမှာ မရှင်းရင် သူ့ထက်ကြီး တဲ့အကြီး အမှုး တယောက်ကို ဖြစ်ဖြစ် အခြားအကြီးအမှုးတယောက် ကိုဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်း မှန်တယ် မှားတယ် သိနိုင်ရမယ်။


တော်အောင်ကြိုးစားကြပါ...

ကျုပ်အဖို့ပြောရရင် ရဲဘော်တို့ထဲကဖြစ်ဖြစ် အခုတပ်ထဲမှာ ရှိတဲ့ စစ်သားကလေးက စပြီး အားလုံး ရဲဘော်တွေထဲက ဖြစ် ဖြစ် ကျုပ်ထက် အရည်အချင်း အကျင့်စာရိတ္တ အလုပ်အကိုင် နိုင်ငံချစ်စိတ် အမြော်အမြင် ရှိတယ်လို့ တွေ့တာနဲ့တပြိုင် နက် ကျုပ်ဟာ အဲဒီလိုတော်တဲ့လူကို ထိုးတင်ပြီး နောက်လိုက်လုပ်ဖို့ အသင့်ရှိတယ်။ ဒါကြောင့် ရဲဘော်တို့ အားလုံး ကြိုး စားကြပါ။ တော်အောင် ကြိုးစားကြပါ။


ရာထူးအဆင့်အတန်း...

ကနေ့ ရဲဘော်တို့အားလုံးကို စိတ်ထဲမှာ ရှိသည့်အတိုင်းပြောပြမယ်။ ယခုအခါ ငါတို့အထဲမှာ နိုင်ငံအတွက် အမျိုးမျိုး အ နစ်နာခံဘူးတဲ့ လူတွေရှိတယ်။ ငါတို့ သိတာလည်း ရှိတယ်။ မသိတာလည်းရှိတယ်။ သို့သော်လည်း ရှေးကသာ ဒီလို အ နစ်နာခံပြီး အခုအလုပ်မလုပ်ရင် ဘယ်သူမှ မတိုးတတ်နိုင်ဘူး။ အကယ်၍ အခုလည်း အလုပ်လုပ်တယ်။ ရှေးကလည်း အနစ်နာခံဖူးတယ်ဆိုရင် ဒီလိုလူမျိုးဟာ လူများတကာထက် တိုးတတ်မှာ အမှန်ပဲ။ ကနေ့ ဆိုင်ရာလူကြီးတွေ မသိသေး လို့ မတိုးတတ်သေးရင် နောက်တနေ့ တိုးတတ်မှာပဲ။ တကယ်တော်တဲ့သူတွေဟာ ဘယ်သူမှ နှိမ်ထားလို့ မရပါဘူး။ ကိုယ့်ကိုယ်ကိုလည်း သိဒ္ဓိတင်နေစရာမလိုဘူး။ လူကြီးတွေကိုလည်း မျက်နှာလုပ်စရာမလိုဘူး။ ဒါပေမယ့် နီပွန်က ပြန် လာလို့ စစ်ကျောင်းကဆင်းလို့ ရှေးက အနစ်နာခံဖူးလို့ဆိုပြီး ယခုအခါ အလုပ်ကောင်းကောင်း မလုပ်ရင် ဘယ်သူမှတတ် မှာ မဟုတ်ဘူး။ ဒီ့ပြင်လူတွေအတွက် ကျုပ်မပြောနိုင်ပေမယ့ှ်ဗမာ့တပ်မတော်မှာ ကျုပ်အခုနေရာမှာ တာဝန်ယူနေသမျှ အခု ကျုပ်ပြောခဲ့တဲ့ စနစ်က တဆံခြည်မှ ခွာမသွားဘူး။ ရွေ့မသွားဘူးဆိုတာ အားလုံးသိစေချင်တယ်။ ဒါက ရာထူးအ ဆင့်အတန်း တိုးတတ်တာနဲ့ ပတ်သတ်ပြီးရဲဘော်တို့ကို သိဘို့ပြောပြခြင်းပဲ။


တန်ခိုးပြဘို့မဟုတ်...

တခြား မှာကြားလိုတဲ့ အချက်ကတော့ ပြောနေကြစကားပဲ။ ဒါပေမယ့် ထပ်ပြီး အဓိပ္ပာယ် လေးနက်အောင် ပြောလိုက် ဦးမယ်။ ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းဘို့မဟုတ်။ လက်နက်အားကိုးတန်ခိုးပြဘို့ မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ် ရဲ့ အစေခံ မဖြစ်ရဘူး။ ဒါက စကားရိုင်းရိုင်းနဲ့ နားလည်အောင်ပြောပြတာ ပဲ။ဒီစကားကို ကျုပ်ပြောတာက စစ်တပ်ကို ကျုပ်ပြန်နှိမ်ချင်တဲ့ သဘောနဲ့ပြောတာ မဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင် လူတွေဖြစ်ကြသော်လည်း မတရား မလုပ်။ နိုင်ငံရဲ့ရန်သူတွေမဟုတ်။ နိုင်ငံရဲ့မိတ်ဆွေတွေဆိုတာအားလုံးသဘော ပေါက်အောင် ပြောပြခြင်းပဲ။ အမှန်ပြောရရင် လူတွေဟာပုထုဇဉ်တွေဘဲ အားရှိတဲ့အခါ အားနည်းတဲ့လူတွေကို ညှဉ်းချင် တဲ့ စိတ်ရှိတယ်။ အားနည်းတဲ့သူတွေကလည်း အားနည်းတဲ့အခါတုန်းကတော့ အားကြီးနေတဲ့လူကို လက်နက် အားကိုး အာဏာအားကိုး လုပ်ချင်တယ်ပြောကြတာပဲ။ မိမိတို့ကိုယ်တိုင် အားကြီးတဲ့နေရာ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျ တော့ အရင်တုန်းကပြောတာတွေမေ့ပြီး တမျိုးလုပ်ကြတာပဲ။ ဒါထုံးစံဘဲ။ ငါတို့က ဒီလိုမဟုတ် အားနည်းတဲ့အခါလည်း အားကြီးတဲ့လူကို မတရားရင် မကြောက်။ အားကြီးတဲ့အခါလည်း အားငယ်တဲ့လူကို မတရားမလုပ် ဆိုတဲ့အတိုင်း လုပ်ချင် တယ်။ ပြချင်တယ်။ အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်တယ်လို့ ပြောတာဘဲ။ နိုင်ငံဟာ ဘာလဲ။ နိုင်ငံဟာ အ မျိုးပဲ။ အမျိုးဟာ ဘာလဲ။ အမျိုးဟာ တနိုင်ငံလုံးမှာရှိတဲ့ နိုင်ငံရဲ့အကျိုးကိုလုပ်ပြီး နိုင်ငံရဲ့အမှုကို ဘယ်ခါမဆို ထမ်းမယ် ဆိုတဲ့လူ အားလုံးပဲ။ ဒီနေရာမှာ လူမျိုးရေးတရားအစစ်ကို ပြောပြချင်တယ်။


မှန်ကန်သော လူမျိုးရေးတရား...

လူမျိုးရေးတရားဆိုတာ ဘာလဲ။ ကိုယ့်အမျိုးသာ ချစ်ပြီး ဒီ့ပြင် လူမျိုးတွေကို မုန်းထားတာ လူမျိုးရေး တရားဘဲလား။ မ ဟုတ်ဘူး။ ကိုယ့်အမျိုးချစ်ယုံနဲ့ ဒီ့ပြင်လူမျိုးကိုလည်း မုန်းဘို့မလိုဘူး။ သို့်သော်လည်း ကိုယ့်အမျိုးအကျိုးကို လာထိတဲ့ လူတွေကိုတော့ အတွင်းကလူ ဖြစ်ဖြစ် အပြင်ကလူ ဖြစ်ဖြစ် တိုက်ခိုက်နှိမ်နင်းရမှာပေါ့။ ဒါက ငါတို့အမျိုးရဲ့ ရန်သူ အဖြစ် သာ နှိမ်နင်းခြင်းဖြစ်တယ်။ ဘယ်လူမျိုး ဘယ်သူ ဘယ်ဝါဆိုပြီး နှိမ်နင်းတာမဟုတ်ဘူး။ ရာဇဝင်ကိုကြည့်ရင် ကမ္ဘာ့လူမျိုး တွေဟာ အချင်းချင်းတိုက်တဲ့အခါ တိုက်ကြတာ တွေ့ရမှာပဲ။ မတည့်သည့်အခါ တိုက်ကြတဲ့အခါ တိုက်ကြရမှာပေါ့။ ဒါ ပေမယ့် တခြားလူမျိုးတွေကို မုန်းတာဟာ လူမျိုးေ၇းလို့ ထင်တာ တထစ်ချမှားတယ်။ ကျုပ်တို့ဟာ မဆိုင်တဲ့တခြားလူမျိုး တွေကို မုန်းဘို့မလိုဘူး။ ကျုပ်တို့ နိုင်ငံအတွင်းမှာလည်း တိုင်းရင်းသားအချင်းချင်း ဗမာပဲ ရှမ်းပဲ ကရင်ပဲ ချင်းပဲ စသဖြင့် ခွဲစရာ မလိုဘူး။

ငါတို့တတွေဟာ မှားပြီးတာတွေကို ထပ်မမှားကြရဘူး။ ငါတို့ဟာ အမှန်နဲ့အတု ဟုတ်တာနဲ့ မဟုတ်တာ ခွဲခြားသိရမယ်။ လူမျိုးရေးတရားဖြစ်ဖြစ် ဘာဖြစ်ဖြစ် အမှန်တရားကို ယူတတ်ရမယ်။ ဒါက လူမျိုးရေး တရားနဲ့ပါတ်သတ်ပြီး ကျုပ်မှာချင် တာပဲ။

ဇာတိမာန် ကောင်းကောင်းထားတတ်အောင် လုပ်ကြပါ။ ကိုယ့်နိုင်ငံကို ချစ်ပါ။ ဗမာတွေက လူဖျင်းတွေ လူပျင်းတွေ လူ ကြောက်တွေ လူပိုတွေ လူရိုင်းတွေ လူ့ဂွစာတွေ လူ့မတရားတာတွေ ဒီလို ကမ္ဘာမှာ အထင်ခံရအောင် မလုပ်ပါနဲ့။ ဗမာ တွေဟာ ဒီလိုမဟုတ်ဘူးဆိုတာ အလုပ်လုပ်ပြီး ဂုဏ်ယူကြပါ။ အဲဒါ ကျုပ် လူမျိုးရေးတရားနဲ့ပတ်သတ်ပြီး မှာချင်တာပဲ။


လူကြီးဆိုတာ ဘာလဲ...

နောက် မှာချင်တာက ရှေ့ကို ရဲဘော်တို့ဟာ လူကြီးဖြစ်နေပြီ။ လူကြီးဆိုတာ ဘာလဲ။ အသက်ကြီးတာကို ဆိုလိုတာ လား။ မဟုတ်ဘူး။ အသက်မကြီးပေမယ့် လုပ်တဲ့အလုပ်ကြီးရင် လူကြီးဘဲ။ အခု ငါတို့ ရဲဘော်တို့ရဲ့ အလုပ်ဟာ ငါတို့ နိုင်ငံရဲ့ အချုပ်အခြာအာဏာ ဒါတွေကို ငါတို့ ရင်မြေကတုတ်လုပ်ပြီး ကာကွယ်ဘို့ပဲ။ ဒီ့ထက်ကြီးတဲ့အလုပ် ရှိနိုင်ပါဦးမ လား။ မရှိနိုင်ဘူး ဒါကြောင့် ငါတို့ဟာ လူကြီးစိတ်ပေါက်ရ မယ်။ အစစအရာရာဆင်ခြင်တတ်ရမယ်။ ကောင်းသည် မကောင်းသည် တော်သည် မတော်သည် ဟုတ်သည် မဟုတ်သည်ကို ဆင်ခြင်တိုင်းထွာနိုင်ရမယ်။အခုငါတို့အချို့အလုပ်တွေကသက်သေပြနေတယ်။ ဘေးကလူတွေပြောတိုင်း အရမ်းမယုံကြနဲ့။ စူးစမ်းဆင်ခြင်ပြီးမှ ယုံကြရမယ်။ ငါတို့ ဝတ္တရားနဲ့မဆိုင်တဲ့ အကျယ်အကျယ် ဖြစ်မယ့်ကိစ္စဆိုရင် ငါတို့ရှောင်ရမယ်။ ဘယ်လို ဘေးကလူက ဗိုလ်ကြီးရဲ့— ဘာ ကြီးရဲ့— နဲ့ လာမြှောက်ပေးပေး ငါတို့မပါရဘူး။ ဝတ္တရားနဲ့ ငါတို့တော့မဆိုင်ဘူး။ ဒါပေမယ့် ကောင်းတဲ့ကိစ္စ တရားတဲ့ ကိစ္စ လူအများ ကျေးဇူးတင်မယ့် ကိစ္စဆိုရင် ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး လျစ်လျူမရှု့ပါနဲ့။ ကူညီပေးကြပါ။ ဆွေမျိုးကိစ္စ မိတ် ဆွေကိစ္စတွေဟာ ကိုယ်တာဝန်လုပ်တဲ့အရေးမှာ မနှောက်ယှက်ပါစေနဲ့။


ဘယ်တော့မှ သစ္စာမဖောက်...

နောက်ပြီးမှာချင်တာက ပြောခဲ့တဲ့အတိုင်း ကိုယ့်ကိုယ်ကို အထင်မကြီးပါနဲ့။ ဒီမှာသင်လိုက်တာတွေဟာ ပညာကုန်ပြီ မ ယူဆကြနဲ့။ ပညာဟာ ဘယ်တော့မှ ကုန်တယ်မရှိဘူး။ လူမျိုးဖြစ်ဖြစ် နိုင်ငံဖြစ်ဖြစ် လူတဦး တည်းဖြစ်ဖြစ် တိုးတတ်မှုဟာ လက်ရှိအခြေအနေနဲ့ အားမရဘဲ တင်းမတိမ်ဘဲ ရှေ့ဆက်လက် ကြိုးစားမှသာ တိုးတတ်မှုဖြစ်နိုင်တယ်ဆိုတာ ရာဇဝင် သမိုင်းတွေက ကောင်းကောင်းပြထားတယ်။ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားကြည့်လည်း သိနိုင်တာပဲ။ဒါကြောင့် ဘယ်ဟာကိုမှ လှေနံဓါးထစ် မယူပါနဲ့။ အထင်မကြီးပါနဲ့။ ဒီ့ထက်တိုးအောင်လုပ်ကြပါ။ အခု ငါတို့နိုင်ငံဟာ လွတ်လပ်တယ် ဆိုပေမယ့် ဟန်မကျတာတွေ အများကြီးပဲ။ ကျုပ်မှာလည်း ချွတ်ယွင်းချက်တွေ့ရှိတာဘဲ။

ကိုယ့်ချို့ယွင်းချက်ကို ကိုယ်ပြင်ကြရမယ်။

သို့ပေမယ့် ကျုပ် ရဲဘော်တို့ကို ကတိတခု ပြုမယ်။ နိုင်ငံနဲ့ အများအကျိုးရဲ့သစ္စာကို ကျုပ် ဘယ်တော့မှ မဖောက်။ ရဲဘော်တို့ထဲက ဖြစ်ဖြစ် ဒီ့ပြင်ထဲက ဖြစ်ဖြစ် ကျုပ်ထက်တော်တဲ့လူ ထွက်ပြ နိုင်ပါစေ။ ကျုပ်ဖယ်ပေးဘို့ အသင့်ပဲ။


စစ်သားမှစစ်သားဆိုတဲ့ စိတ်ကို ဖျောက်ကြ...

နောက်ဆုံးတခု မှာချင်တာက ငါတို့သာ နိုင်ငံချစ်တယ်ဆိုတဲ့ စိတ်ဓါတ်မထားကြဘို့ပဲ။ ဒီနိုင်ငံမှာ ဖြစ်ဖြစ် ဒီ့ပြင်နိုင်ငံမှာ ဖြစ်ဖြစ် စစ်သားတွေချည်း နိုင်ငံချစ်တဲ့ လူတွေရှိကြတာမဟုတ်ဘူး။ တခြားစစ်သားမဟုတ်ပေမယ့် နိုင်ငံအတွက် အမျိုး မျိုး အနစ်နာခံ အမျိုးမျိုးစွန့်စား လုပ်ကြတဲ့ လူတွေလဲရှိတာပဲ။ အဲဒါကြောင့် စစ်သားမှစစ်သားဆိုတဲ့ စိတ်သဘောထားကို ပြောင်းကြရမယ်။ သို့ပေမယ့် တခုနားလည်စေချင်တယ်။ ကျုပ်ဟာ စစ်တပ်ကို မတရားနှိမ်မယ်။ လူလည်လုပ်မယ်။ စစ် တပ်ရဲ့ အခွင့်အရေးများကို မတရားချိုးဖျက်မယ်ဆိုရင် ကျုပ် အစွမ်းကုန်ကြိုးစား တိုက်ဖျက်မယ်ဆိုတာ ရဲဘော်တို့ သိစေ ချင်ပါတယ်။

ကနေ့ ဒီမှာပြောတာတွေကို အားလုံးစစ်သားတွေ သိပါစေ။ သိအောင်ပြောပြကြပါ။ အဲဒါ နောက်ဆုံးမှာကြားခြင်းပဲ။

http://forverfriend.ning.com/group/story/forum/topics/2863689:Topic:6978835
(Thuya Soemoe Daweithar ထံမှတဆင့် ကူးယူပါသည်)

(အထက်ပါ မိန့်ခွန်းမှာ ဂျပန်ခေတ် ၁၉၄၄ -ခု မတ်လ ၁၃ ရက်နေ့ နံနက်အချိန်တွင် မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းဆင်း ပွဲ၌ ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိနှင့် စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသော မိန့်ခွန်းတရပ် ဖြစ်ကြောင်း။ သူကျဆုံးသွားခဲ့ရသော ဤဇူလိုင်လတွင် သူ့အား ပြန်ပြောင်းသတိရမိသည့်အားလျှော်စွာ သူ၏ ပြောင် မြောက်သော မိန့်ခွန်းကို ရှာဖွေဖော်ပြလိုက်ရခြင်းဖြစ်ကြောင်း။

(ဗိုလ်ဥတ္တမကျော်)

Shared from Dr. Shwe Min.

Saturday, December 8, 2012

တရုတ်ပြည်က မြေဈေး( လျှော်ကြေး )


တရုတ်တွေက  မြန်မာပြည်မှာ  စစ်တပ်အားကိုးနဲ့  လာကျယ်နေတယ် ။  စစ်တပ်က  တရုတ်မျက်နာ ရလိုမှုနဲ့  ကိုယ့်ပြည်သူကို ကိုယ်ပြန်ချတယ် ။  သူတို့ နိုင်ငံမှာ  ကန်ထရိုက် တိုက်ဆောက်တာမှာ  လူတဦးက  သူ့ မိဘ အုတ်ဂူကို ရွှေ့ မပေးလို့   မြင်တဲ့အတိုင်း ကွေ့ ဝိုက်ဆောက်ရပါတယ် ။  အဲဒီမြေအတွက် ဒေါ်လာ ( ၁၅၀၀၀၀-  တစ်သိန်းခွဲ ) ပေးတာကို လက်မခံတာပါ ။ ဆယ်ပေပတ်လည်ကို ၁၅၀၀၀၀- ဆိုတော့  တစ်ဧက ဆိုရင် ဒေါ်လာ ၁၀-သန်းမက ပါ ။

 မြန်မာပြည်မှာ လယ်တစ်ဧကကို ၃-သိန်းလောက်တာပေးတော့  မြန်မာမြေက အဲ ဒီလေယက်ဘဲ တန်ရင်  တနိုင်ငံလုံးကို  ကမ္ဘာာသူဌေးကြိး ဘီလ်ဂိတ် ၀ယ်လို့ ရနေပါပြီ ။


နောက်အဖြစ်အပျက်တခုကတော့ ၂၀၀၇ခုနှစ်တုန်းက Chongqing city ရဲ့အဝေးပြေးလမ်းမပေါ်ဖောက်လုပ်ဖို့ဆိုပြီး ငွေပေးဖယ်ရှားခိုင်းတာကို လက်မခံခဲ့တဲ့ အိမ်တအိမ်ပါ..

ပေးပို့သူ..Billy Mackenzie

Sunday, December 2, 2012

အမြိုက်တရားတွေ လောင်မီးကျခဲ့ရတဲ့ လက်ပံတောင်း




အစွယ်ငေါငေါနဲ့ အဆိပ်လှိုင်းဟာ ရနံ့ဟောက်ပက်လွယ်ပြီး လရောင်အောက်မှာ ပြုစားနေတယ်

ကဝေအနမ်းတွေကြဲပက်လိုက်သလို ရင်ဝတည့်တည့်ပြေးဝင်လာတဲ့ ဓားကို ရှောင်မရခဲ့ဘူး

အရိုးပေါ်အရေတင်နေ့စွဲတွေထဲ အဲဒီချွတ်ခြုံမှုဟာ နိုဝင်ဘာ တိမ်တစ်စမှာ ဇောက်ထိုးဆွဲခံလိုက်ရသလို

နင့်နင့်သီးသီးကြေမြည့်နေပုံများ လက်ပံတောင်းဟာ အလျှံတညီးညီး

ရိတ်သိမ်းခံလိုက်ရတဲ့ ဆန္ဒမှာ အရေပြားဟာ တုံးလုံးပက်လက်

ဖျက်ဆီးခံလိုက်ရတဲ့ တရားမှာ သာသနာဟာ မျက်တွင်းဟောက်ပက်

အရေဆုတ်ခံလိုက်ရတဲ့ အရင်းအနှီးမှာ မတရားမှုတွေသာ ထူထူထောင်ထောင် ဖွံ့ထွားခဲ့တယ်

တရားကို ဘယ်လို အလမ္ပာယ်နဲ့ မှော်ဝင်အသက်သွင်းလိုက်ရမလဲ ငါ့ရှင်


ထစ်ချုန်းခွင်းဝင်လာတဲ့ အမိုက်တရားမှာ ခံနိုင်ရည်ဟာ ဦးဆွေးဆံမြည့်

သတ်ကွင်းထဲက သေအံ့မူးမူးညထက် ပြည်သူတွေရဲ့ ဆန္ဒကို ရယူမပေးနိုင်ခဲ့တာ ရင်နာတယ်

သာသနာကိုသံဃာစောင့်ရှောက်တယ် သံဃာကို ပြည်သူစောင့်ရှောက်တယ်


မင်းတို့ချွေးနည်းစာရဲ့ ဆွမ်းတစ်နပ်အတွက် ငါတို့အရေပြားကို လောင်ကျွမ်းခံပစ်လိုက်တယ်

ဘယ်လိုနက္ခတ်မျိုးကမှ ဒီညကို ကြည်မွေ့အောင် ဖန်ဆင်းမပေးနိုင်ခဲ့တော့ဘူး

တော်လဲမှုဟာ အရိုင်းဆန်ဆန် လက်ပံတောင်းညကို အရှင်လတ်လတ် မျိုချပစ်လိုက်တယ်


အမှန်တရားကို ကာကွယ် စောင့်ရှောက်ထားတဲ့ တံတိုင်းဟာ သင်္ကန်း

လက်နက်ဆန်းဟာ သင်္ကန်းကို ဖြတ်ကျော်ပြီး ရင်အစုံကိုပါ ရိုက်ချိုးသွားခဲ့တယ်

တည်တည်တံ့တံ့အမှန်တရားအတွက် ငါတို့အသက်ကို စိုက်စိုက်မတ်မတ် စိုက်ပျိုးထားခဲ့တယ်


သာသနာ့ရာဇဝင်မှာ သာကီနွယ်မျိုးတို့အတွက် ဝိဋဋူပရဲ့ အမျက်ကို ဘယ်လိုတားဆီးခဲ့သလဲ

ရှင်တော်ဗုဒ္ဓရဲ့ အစိရဝတီ သောင်ကမ်း သုံးကြိမ်မြောက်ခြေလှမ်းဟာ အမျိုးကိုစောင့်ရှောက်ခြင်းပဲ

သံဃာဟာ သာသနာကို စောင့်ရှောက်သလို အမျိုးကို စောင့်ရှောက်ရမယ်

အမြိုက်တရားတွေ ညက်ညက်ကြေခဲ့ရတဲ့ လက်ပံတောင်း

သံဃာ့သွေးတွေ နက်နက်စွေခဲ့ရတဲ့ လက်ပံတောင်း

ဆန္ဒနဲ့ ဘဝမှာ အမှန်တရား ဈာပနဟာ ကြေကြေကွဲကွဲ

တစ်သက်စာခိုးယူခံလိုက်ရတဲ့ အနာဂတ်ကြီးအတွက်


ရှင်သန်ခြင်းတရားကိုပဲ လွတ်လွတ်ကျေကျေ ပူဇော်ပသလိုက်ပါတယ် ။



ညီလင်းနိုင် 
From - Nyilinnaing
 

Saturday, December 1, 2012

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖြစ်စဉ်များနှင့်ပတ်သက်၍ စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့စည်း


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ဖြစ်ပေါ်လျက်ရှိသော ဖြစ်စဉ်များနှင့် ပတ်သက်၍ အခြေအနေ အမှန်ကို ဖော်ထုတ် နိုင်ရန်အတွက် စုံစမ်း စစ်ဆေးရေးကော်မရှင်ကို ဒီဇင်ဘာလ ၁ရက်နေ့က ဖွဲ့စည်း လိုက်ကြောင်း နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်တွင် ဖော်ပြချက်အရ သိရှိရသည်။ အဆိုပါ စုံစမ်းစစ်ဆေးရေး ကော်မရှင်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဌ အဖြစ်ပါဝင်ပြီး ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုမင်းကိုနိုင်နှင့် ကိုကိုကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ် မဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်တို့ အဖွဲ့ဝင်အဖြစ် ပါဝင်ကြောင်း သိရသည်။ အမိန့်ကြေငြာစာ အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ အမှတ်၊ ၉၂/ ၂၀၁၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ အမှတ်၊ ၉၂/ ၂၀၁၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး

အမိန့်ကြော်ငြာစာ
အမှတ်၊ ၉၂/ ၂၀၁၂

၁၃၇၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်
(၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်)

စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းခြင်း

၁။ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် အတွင်းရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ဖြစ်ပေါ်လျက်ရှိသော ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ ကြေးနီမိုင်း လုပ်ငန်း ဆက်လက် ဆောင်ရွက်ရန် သင့်/ မသင့်နှင့် ဆန္ဒပြမှု ဖြစ်စဉ်များ ထိန်းသိမ်းခြင်းတို့အပေါ် အခြေအနေ အမှန် ဖော်ထုတ်နိုင်ရန်အတွက် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များပါဝင်သော “စုံစမ်း စစ်ဆေးရေးကော်မရှင်” ကို ဖွဲ့စည်း တာဝန် ပေးအပ်လိုက်သည်-

(က) ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ် မဲဆန္ဒနယ်

(ခ) ဦးလွန်းသီ အဖွဲ့ဝင်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ် မဲဆန္ဒနယ်

(ဂ) ဦးသန်းမြင့် အဖွဲ့ဝင်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ် မဲဆန္ဒနယ်

(ဃ) ဒေါ်ခင်စန်းလှိုင် အဖွဲ့ဝင်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ် မဲဆန္ဒနယ်

(င) ဦးဇော်မြင့်ဖေ အဖွဲ့ဝင်
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
မန္တလေးတိုင်းဒေသကြီး၊ အမှတ် (၅) မဲဆန္ဒနယ်

(စ) ဦးခင်မောင်ရီ အဖွဲ့ဝင်
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ဧရာဝတီတိုင်းဒေသကြီး၊ အမှတ် (၆) မဲဆန္ဒနယ်

(ဆ) ဦးအောင်ကြည်ညွန့် အဖွဲ့ဝင်
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
မကွေးတိုင်းဒေသကြီး၊ အမှတ် (၄) မဲဆန္ဒနယ်

(ဇ) ဦးခင်မောင်ဆွေ အဖွဲ့ဝင်
ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

(ဈ) ဦးမျိုးညွန့် အဖွဲ့ဝင်
အထွေထွေအတွင်းရေးမှူး
ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ

(ည) ဒေါက်တာဝင်းမောင် အဖွဲ့ဝင်
Chairman, Myanmar Environmental Institute

(ဋ) ဦးကျော်တင့်ဆွေ အဖွဲ့ဝင်
သံအမတ်ကြီး (ငြိမ်း)
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

(ဌ) ဦးမောင်မောင်အေး အဖွဲ့ဝင်
Senior Consultant on Social Assessment
Myanmar Environmental Institute

(ဍ) ဦးစိုးသိန်း (ခ) မောင်ဝံသ အဖွဲ့ဝင်
စာရေးဆရာ

(ဎ) ဦးဝင်းထိန် အဖွဲ့ဝင်
ညွှန်ကြားရေးမှူးချုပ်၊ သတ္တုတွင်းဦးစီးဌာန
သတ္တုတွင်းဝန်ကြီးဌာန

(ဏ) ဦးမြင့်ဆွေ အဖွဲ့ဝင်
ညွှန်ကြားရေးမှူးချုပ်၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

(တ) ဦးတင်မြင့် အဖွဲ့ဝင်
ဒုတိယညွှန်ကြားရေးမှူးချုပ်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန

(ထ) ဦးလှမောင်သိန်း အဖွဲ့ဝင်
ဒုတိယညွှန်ကြားရေးမှူးချုပ်
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန

(ဒ) ဒေါက်တာဒေါ်ကေသီလွင် အဖွဲ့ဝင်
ပါမောက္ခချုပ် (တာဝန်)၊ နည်းပညာတက္ကသိုလ် (သံလျင်)
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန

(ဓ) ဒေါက်တာဒေါ်မာလာအောင် အဖွဲ့ဝင်
ဒုတိယပါမောက္ခချုပ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်
ပညာရေးဝန်ကြီးဌာန

(န) ဦးအောင်နိုင်ဦး အဖွဲ့ဝင်
Myanmar Peace Center

(ပ) ဦးပေါ်ဦးထွန်း (ခ) မင်းကိုနိုင် အဖွဲ့ဝင်
(၈၈) မျိုးဆက် ကျောင်းသားများအဖွဲ့

(ဖ) ဦးကိုကိုကြီး အဖွဲ့ဝင်
(၈၈) မျိုးဆက် ကျောင်းသားများအဖွဲ့

(ဗ) ဒေါက်တာမြင့်သိန်း အဖွဲ့ဝင်
ညွှန်ကြားရေးမှူး၊ လုပ်ငန်းခွင်ကျန်းမာရေးဌာန
ကျန်းမာရေးဝန်ကြီးဌာန

(ဘ) ဦးနေဦး အဖွဲ့ဝင်
ဒုတိယညွန်ကြားရေးမှူး
စစ်ကိုင်းတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
ပြည်ထဲရေးဝန်ကြီးဌာန

(မ) ဦးဝင်းကြည် အဖွဲ့ဝင်
ဌာနကြီးမှူး၊ ထုတ်လုပ်မှုလုပ်ငန်းများဌာနကြီး
မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်

(ယ) ဒုတိယဗိုလ်မှူးကြီးအောင်သန်း အဖွဲ့ဝင်
ကာကွယ်ရေးဝန်ကြီးဌာန

(ရ) ဦးဗိုလ်သန်း အဖွဲ့ဝင်
ကံကုန်းရွာ၊ ကျောက်မျက်ကျေးရွာအုပ်စု
ဆားလင်းကြီးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး

(လ) ဦးအောင်ဇော်ဦး အဖွဲ့ဝင်
ဝက်မှေးရွာ၊ ရွာရှည်ကျေးရွာအုပ်စု
ဆားလင်းကြီးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး

(ဝ) ဦးဘိုဌေး အဖွဲ့ဝင်
တုံရွာမ၊ တုံကျေးရွာအုပ်စု
ဆားလင်းကြီးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး      

(သ) ဦးစစ်မြိုင် အတွင်းရေးမှူး
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

၂။ စုံစမ်း စစ်ဆေးရေး ကော်မရှင်သည် အောက်ဖော်ပြပါ ကိစ္စရပ်များအပေါ် ဖြစ်စဉ် ဖြစ်ရပ် အမှန် ပေါ်ပေါက်စေရေး စုံစမ်း စစ်ဆေးရန်နှင့် ဥပဒေ စိုးမိုးရေးနှင့် အမျိုးသားအကျိုးစီးပွား တိုးတက် စေရေးတို့အတွက် သုံးသပ်ချက်နှင့်တကွ အကြံပြု တင်ပြရမည်-

(က) ကြေးနီ စီမံကိန်းအား သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် နိုင်ငံ တကာ ပြဌာန်းချက်များ၊ ဆောင်ရွက် သင့်သည့် နည်းပညာများ အသုံးပြု၍ စနစ်တကျ ဆောင်ရွက်ခြင်း ရှိ/မရှိ၊
(ခ) ကြေးနီ စီမံကိန်းကြောင့် လူမှု ပတ်ဝန်းကျင်နှင့် သဘာဝ ပတ်ဝန်းကျင် အပေါ်ကောင်းကျိုးနှင့် ဆိုးကျိုး သက်ရောက်မှုများ၊
(ဂ) ကြေးနီစီမံကိန်းဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်အတွက် အကျိုး ရှိ/ မရှိ၊
(ဃ) ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် ဆန္ဒဖော်ထုတ်ရသည့် အကြောင်းရင်းများ၊
(င) ဆန္ဒဖော်ထုတ်မှုအပေါ် ထိန်းသိမ်းဆောင်ရွက်မှုနှင့် ဆန္ဒဖော်ထုတ်သည့် သံဃာ တော်များအား ထိခိုက်ဒဏ်ရာ ရသည့်အပေါ် သုံးသပ်ချက်၊
(စ) ကြေးနီစီမံကိန်းအား ဆက်လက်ဆောင်ရွက်ရန် သင့်/ မသင့်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအား ရပ်ဆိုင်းရန် သင့်/ မသင့်၊
(ဆ) နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ဥပဒေစိုးမိုးရေးဆိုင်ရာ အကြံပြုချက်များ၊
(ဇ) ကော်မရှင်၏ အထွေထွေ သုံးသပ်တင်ပြချက်နှင့် အကြံပြုချက်များ။

၃။ စုံစမ်းစစ်ဆေးရေးကော်မရှင် တာဝန်ထမ်းဆောင်စဉ် အုပ်ချုပ်ရေးကိစ္စများအား သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက တာဝန်ခံဆောင်ရွက်ပေးရမည်။ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ တာဝန်ထမ်းဆောင်စဉ် လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ လိုအပ်ချက်များကို ပြည်ထောင်စု ဝန်ကြီး၏ လမ်းညွှန်မှုဖြင့် နိုင်ငံတော်သမ္မတရုံးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့က ဖြည့်ဆည်း ပေးရမည်။

၎။ စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ပြစ်မှု ဆိုင်ရာ ကျင့်ထုံး ဥပဒေ၊ သက်သေခံ ဥပဒေတို့နှင့်အညီ စုံစမ်း စစ်ဆေးနိုင်သည့်အပြင် သက်သေများ ဆင့်ခေါ်ခြင်း၊ စာရွက်စာတမ်းများ တောင်းခေါ်ခြင်းနှင့် လိုအပ်သည့် နေရာသို့ သွားရောက် စစ်ဆေးခြင်းတို့ ဆောင်ရွက်ခွင့် ရှိသည်။ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို နိုင်ငံတော် သမ္မတထံသို့ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက် အရောက် အစီရင်ခံ တင်ပြရမည်။

ပုံ                     
သိန်းစိန်                
နိုင်ငံတော်သမ္မတ         
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
Copy from - Eleven Media Group

Thursday, November 29, 2012

ဦးသိန်းစိန်အစိုးရက လက်ပံတောင်းတောင်ဆန္ဒပြဖြိုခွဲမှုမှာ သုံးတဲ့ ဖော့စဖိတ် ပါဝင်တဲ့ လက်ပစ်ဗုံး phosphorus genrade ဆိုတာ ??


ဖော့စဖိတ် ပါဝင်တဲ့ လက်ပစ်ဗုံး phosphorus genrade ဆိုတာက ဓာတုဗေဒ လက်နက် အမျိုးအစားမှာပါဝင်ပြီး ပေါက်ကွဲမှူ အနီးအနားမှာရှိတဲ့ လူနဲ့ ရေဓာတ်ပါတဲ့ စိုစွတ်တဲ့ အရာတွေကို မီးလောင်ကျွမ်းစေနိုင်တာမျိုးပါ။ ဒီလက်နက်မျိုးကို ဒုကမ္ဘာစစ် အတွင်း ၁၉၄၅ ခုနှစ် မန္တလေး မြို့သိမ်းတိုက်ပွဲ မှာအင်္ဂလိပ်တပ်တွေက ဂျပန်တပ်တွေ ကို ပထမဆုံးနဲ့ နောက်ဆုံး မြန်မာ့မြေပေါ်မှာ စမ်းသပ်အသုံးပြုခဲ့ပါတယ်။ အင်မတန်မှ ရက်စက်လှပြီး ခံစားရသူကို သေ ရာပါ ဒါဏ်ရာဒါဏ်ချက်များစွဲကပ်စေကာ နောက်ဆက်တွဲဝေဒနာများအဖြစ် အသည်းနဲ့ကျောက်ကပ် ရောဂါများပါ ရရှိနိုင်စေပါတယ်

မြန်မာမြေပေါ်မှာသာ အထူးအဆန်း အနေနဲ့ ဖြစ်နေပေမဲ့ တကယ်တော့ ဒီလက်နက်မျိုးဟာ ပါလက်စတိုင်းဒေသမှာ အစ္စရေးတပ်များက အသုံးပြုနေကြ သာမန်ရိုးကျ လက်နက် တခုတောင်ဖြစ်နေပါပြီ။အမေရိကန်တပ်များကော၊ အစ္စရေးတပ်များပါ လက်ရှိဆင်နွှဲနေကြစစ်ပွဲမျိုးမှာ လူမသိ သူမသိကော ပြောင်ပြောင်တင်းတင်းပါ အသုံးပြုနေကြတာမျိုးပါ။ လတ်တလော အနေအထားကြည့်ပြီး အသေအပျောက် စာရင်းမများလှလို့ သိပ်မပြင်းထန်ဘူးလို့ ထင်ရပေမဲ့လဲ နောက်ပိုင်း နာတာရှည် ရောဂါများရရှိပြီး လူညွန့်ပါတုံးစေနိုင်တဲ့အတွက် အဓိပ္ပါယ်ရှိရှိ ရက်စက်နိုင်တဲ့လက်နက်တမျိုးပါပဲ။
သို့ပေမဲ့လဲ ဒီလိုနိုင်ငံကြီးတွေတောင်မှ စစ်ပွဲတွေမှာပဲ သုံးကြပြီး ဒီလို သာမန် ဆန္ဒပြ ပြည်သူတွေကို ဘယ်တုန်းကမှ မသုံးခဲ့ပါ။ သုံးခွင့်လဲမရှိပါ။
ဆရာထက် တပည့်လက်ဇောင်းထက်ဆိုသလို ကျောင်းသားတွေကို ရီကွိုင်ဂန်းနဲ့ပစ်ဖမ်းခဲ့တဲ့ ဗိုလ်နေဝင်းထက် လက်ရှိ ဦးသိန်းစိန်ဒီမိုကရေစီ အစိုးရက အပုံကြီးသာသွားပါပြီ။ ကောင်းပြီ၊ ကချင်စစ်ပွဲတွေကို မရပ်နိုင်ဘူး။ စစ်တပ်ကို စွပ်ဖက်လို့မရပါဘူးလို့ ငြင်းဆန်လို့ ရကောင်းရနိုင်ပေမဲ့ ဒီလို ပြည်တွင်းကဆန္ဒပြပွဲ တွေကိုတော့ သမ္မတကြီး တာဝန်မရှိပါဘူးလို့ ကိုယ်လွတ်ရုန်းလို့ မရလောက်ပါဘူးနော်။ မျက်ရည်ယို ဗုံးလောက်ပါဆိုပြီး ဗြောင်လိမ်ဖို့လဲ မကြိုးစားပါနဲ့တော့။ မျက်ရည်ယိုဗုံး ရဲ့ အရသာကို ကျွန်တော် အပါအဝင် ပြည်သူများ၊ သံဃာတော်အများအပြား ကပါ ၂၀၀၇ ရွှေဝါရောင်မှာတုန်း က ကောင်းကောင်းကြီးမြည်းစမ်းဖူး ခဲ့ပြီးပါပြီ။ မျက်ရည်ယိုဗုံးနဲ့ မီးလောင်ဗုံးဟာ အတော်ကွာခြားမှန်း ကာယကံရှင် များရဲ့ သေရာပါ ဒဏ်ရာ များက သက်သေခံသွားပါပြီ။
လက်ရှိ ဖေ့ဘုတ်ပေါ်ရထားတဲ့ ဗုံးရဲ့ ဓာတ်ပုံနဲ့ မူရင်း မီးလောင်ဗုံး အစစ်ပုံကို ယှဉ်တွဲပြသထားလိုက်ပါတယ်။ အဆင့်ဆင့် ရှယ်နေကြတာက ယူလာတာဖြစ်ပြီး မူရင်း ဓာတ်ပုံဆရာကို မသိရှိနိုင်တဲ့အတွက် ခရက်ဒစ်မပေးနိုင်တာတော့ ခွင့်လွှတ်ပါခင်မျာ။ ဝါးလုံးရှည် အတီး Facebook

Monday, November 26, 2012

အချိုမှုန့် ဆိုတာ ဘာလဲ" ဘယ်လောက်များအန္တရာယ် ပေးနှိုင်လဲသိစေချင်

ရေရှည် မှန်မှန် စားသွားရင် ဒီလောက်
အန္တရာယ် များပါတယ်ဆိုတဲ့ အချိုမှုန့်
ဆိုတာ Monosodium glutamate
(MSG) လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခု
 ဖြစ်ပါ

တယ်။ Glutamic Acid လို့ခေါ်တဲ့ Amino Acid တစ်မျိုး ပါဝင်ပြီး စားစရာထဲ
ထည့်လိုက်ရင် Free Glumate တွေ အဖြစ်ကို ပြောင်းလဲသွားကာ အစား
အသောက်တွေရဲ့ အရသာကို ဓာတုနည်းနဲ့ လျှာပေါ်မှာ ဆပွား တိုးပေးလိုက်
တာ ဖြစ်ပါတယ်။

အချိုမှုန့်ဟာ ဟင်းခတ်ပစ္စည်းတစ်ခု ဟုတ်ပါသလား

မှန်သုံးသင့်တဲ့ ဟင်းခတ် အမွှေးအကြိုင်တစ်ခု လုံးဝမဟုတ်ပါ။ နည်းနည်း
စားစား များများစားစား ရေရှည် စားရင် အန္တရာယ်ကတော့ ရှိတာပါပဲလို့ ပညာရှင်များက ပြောကြားပါတယ်။ Good Manufacturing Practice (GMP) လို့ခေါ်တဲ့ ကမ္ဘာ့အဆင့် ထုတ်လုပ်မှု စနစ်ကောင်း (GMP စနစ်) ရဲ့ အစား
အသောက်တွေ ထုတ်လုပ်တဲ့ နေရာမှာ အချိုမှုန့် လုံးဝ မပါပါဘူး။

အချိုမှုန့်ကို ရေရှည်ပုံမှန် စားသုံးသွားရင် ဘာဆိုးကျိုးတွေ ရှိလာနိုင်မလဲ

(၁) ဆီးချို မဖြစ်အောင် ထိန်းသိမ်းပေးတဲ့ အင်ဆူလင်ဟော်မုန်း (Insulin) ရဲ့ လုပ်ငန်း ဆောင်တာမှာ အနှောင့်အယှက် တစ်ရပ် ဖြစ်စေလို့ ဆီးချိုဖြစ်စေ
ဖို့ ကောင်းကောင်း အထောက်အကူပြုပါတယ်။

(၂) အစာ အလွန်အကျွံ စားချင်စိတ်ကို တိုးပွားဖြစ်ပေါ်စေသလိုအ၀လွန်ခြင်း
ကို တားဆီးပေးတဲ့ ဟော်မုန်းများကိုပါ ပိတ်ဆို့လို့ အ၀လွန်ခြင်းကို ဖိတ်ခေါ်
ပါတယ်။ အ၀လွန်ခြင်း ရောက်လာရင် သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောပိတ် စတဲ့အဖော်အပေါင်းတွေပါ ပါလာပါလိမ့်မယ်။

(၃) ဦးနှောက်ဆဲလ်တွေကို မြန်မြန် ပျက်စီးယိုယွင်း စေပါတယ်။ မှတ်ဥာဏ်ကို အရွယ်မတိုင်ခင် ပျောက်ဆုံးစေပြီး မေ့တတ်တဲ့ ရောဂါတွေ ဖြစ်စေဖို့ အလား
အလာ အရမ်း များစေပါတယ်။ အချိုမှုန့်ကို မွေးကင်းစ ကတည်းကနေ စပြီး စားတဲ့ ကလေးတွေမှာ ဥာဏ်ရည်ပိုင်း ယုတ်လျော့မှု ရှိတာကို တွေ့ရှိရပါ
တယ်။

(၄) ဂျာမနီနိုင်ငံမှာ အချိုမှုန့် သုံးစွဲမှုကို လုံးဝဖြတ်တောက် ရှောင်ကြဉ်ဖို့ အမျိုး
သားအဆင့် ကြေငြာချက်တွေ ဥပဒေတွေ အလန့်တကြား ထုတ်ခဲ့ရဖူးပါ
တယ်။ ဂျာမန်ကျန်းမာရေး ပညာရှင်တွေ ဘာတွေ့ရလို့လဲ ဆိုတာ စာဖတ်သူ
တို့ သိပါသလား။ အချိုမှုန့် စားတဲ့ ကိုယ်ဝန်ဆောင်တွေ မွေးလာတဲ့ကလေး
တွေဟာ အင်ဆူလင်ဟော်မုန်း စွမ်းရည်ကျဆင်း၍ မတိုးတော့ခြင်း (Insulin-resistant) မွေးရာပါ ဖြစ်လာတာ တွေ့ရပါတယ်။ ဒါကြောင့် ဒီကလေးတွေဟာ ကြီးလာရင် ဆီးချိုဖြစ်ဖို့ သေချာသလောက် ဖြစ်ပါတယ်။ ဒီအချက်ဟာ ဖွံ့ဖြိုးဆဲ
နိုင်ငံတွေရဲ့ ဆီးချိုဖြစ်ပွားနှုန်း မြင့်မားနေတဲ့ အချက်တွေထဲက တစ်ခု အပါအ၀င် ဖြစ်ပါတယ်။

(၅) နောက်တစ်ချက်က ကိုယ်ဝန်ဆောင် မိခင်တွေ အချိုမှုန့်စားတဲ့ အကျင့်
ကြောင့် မွေးလာတဲ့ ကလေးတွေရဲ့ medulla oblongata, thalamus, or hypothalamus ဆိုတဲ့ ဦးနှောက် အစိတ်အပိုင်းတွေမှာ ရှိတဲ့ အာရုံကြော
ဆဲလ်တွေကို ပျက်စီးစေပါတယ်။ ဒီနေရာတွေဟာ အစားအသောက် စားချင်
စိတ်ကို အဓိက ထိန်းချုပ်တဲ့ ဦးနှောက် ဧရိယာတွေ ဖြစ်လို့ ဒီလို ကလေးတွေ
ဟာ ကြီးလာရင် အစားအသောက် အလွန်အကျွံ စားတဲ့ အကျင့်ရှိကာအ၀လွန်
ပြီး ရောဂါတွေ ထူစေတတ်တာ ကမ္ဘာတစ်ဝန်း လေ့လာတွေ့ရှိ ထားပါတယ်။

(ဒါဟာ အချို့မှုန့်ကပေးတဲ့ အမျိုးသား ကျန်းမာရေး/ လူမှုရေး ၀န်ထုပ်ဝန်ပိုး (National Health/Social Burden) ဖြစ်ပါတယ်။ ဒါ့အပြင် အချိုမှုန့် ၀ယ်ယူ
တင်သွင်းရတဲ့အတွက် နိုင်ငံနဲ့လူမျိုး အကျိုးရှိစေမယ့် တခြားအရာတွေဝယ်ယူ
ဖို့ နိုင်ငံခြားငွေ လျော့စေလို့ တိုင်းပြည်အတွက်လဲ နစ်နာပါတယ်)

(၆) မျိုးပွားစွမ်းရည် ကျဆင်းခြင်း၊ သားသမီးရနိုင်စွမ်း ကျဆင်းခြင်းတွေ ဖြစ်နိုင်
ပါတယ်။ Chinese Restaurant Syndrome ခေါ် တရုတ်စားတော်ဆက်ရော
ဂါစု ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါစုဟာ အချိုမှုန့် လွန်ကဲစွာ ပါတဲ့ အစား
အသောက် စားပြီးပြီးချင်းမှာ မျက်နှာ၊ လည်ပင်း နဲ့ တစ်ကိုယ်လုံးမှာ အနီစက်တွေ ထွက်လာခြင်း၊ ခေါင်းအရမ်းထိုးကိုက်ခြင်း၊ခေါင်းမူးခြင်း၊ မျက်နှာမှာ တင်းကြပ်နေတယ်လို့ ခံစားရတတ်ခြင်း၊ မေးလှုပ် ပါးစပ်ဖွင့်ရတာ လေးခြင်း၊ ဗိုက်အောင့်ခြင်း၊ ခါးနာခြင်း စတာတွေ ခံစားရတတ်တဲ့ အချိုမှုန့်နဲ့ ဓာတ်မတည့်တဲ့ ရောဂါ ဖြစ်ပါတယ်။

(၇) ပန်ကရိယခေါ် မုန့်ချိုအိတ်ရောင်ရောဂါ အပါအ၀င် ကိုယ်တွင်းကလီစာ တစ်ခုခု ရောင်ယမ်းတဲ့ ရောဂါ ရှိနေသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ စာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေ အထူးရှောင်ကြဉ် သင့်ပါတယ်။

(၈) လူအများစုက ဆားကအငန် အချိုမှုန့်က အပေါ့ ဆိုပြီး တလွဲမှတ်ယူထားကြပါတယ်။ ဒီတော့ ဆားထည့်လွန်လို့ ငန်သွားရင် အချိုမှုန့်များများ ထပ်ထည့် ပါတယ်။ အမှန်က ဆားက Sodium chloride ၊ အချိုမှုန့်က Monosodium glutamate ဖြစ်လို့ နှစ်ခုလုံး ဆိုဒီယမ် (Sodium) ဆားဓာတ်ဖြစ်ကာ နှစ်ခု ပြိုင်စားသုံးရင် သွေးတွင်းဆိုဒီယမ် မြင့်တက်မှု အရမ်းများလာစေကာ သွေးတိုးရောဂါကို ဖြစ်စေပါတယ်။ ဒါကြောင့် သွေးတိုးရောဂါ ကာကွယ်လိုသူများနဲ့ ရှိသူများဟာ အချိုမှုန့်ကို အထူးရှောင်ကြဉ်သင့်ပါတယ်။

အချိုမှုန့် စွဲလမ်းနေခြင်းကို ဘယ်လို လျှော့ချ အမြစ်ဖြတ်ကြမလဲ

(၁) လျှော့ချသုံးခြင်းဖြင့် စတင်ပါ။ အချိုမှုန့်ဟာ အသားတွေရဲ့ အရသာကိုသာ မြှင့်တင်ပေးတာ ဖြစ်လို့ အသီးအနှံတွေမှာ လုံးဝမသုံးပါနဲ့။

(၂) ယေဘုယျလမ်းညွှန် (General Guideline) အရ ပြောရရင် အစားအသောက် တစ်ကီလို (၂.၂ပေါင်) ကို အချိုမှုန့် လက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်းထက် ပိုမသုံးပါနဲ့။ ဒါဆိုရင်တော့ အန္တရာယ် နည်းတယ်လို့ သိရပါတယ်။

(၃) ရယ်ဒီမိတ် အစားအသောက်တွေ အားလုံးနီးပါးမှာ အချိုမှုန့် ပါပြီးသားဆိုတာ သတိထားပါ။ ဘယ်တော့မှ အချိုမှုန့် ထပ်မထည့်ပါနဲ့။

(၄) ရယ်ဒီမိတ် စားစရာတွေ ၀ယ်ရင် လေဘယ်လ် ပေါ်မှာ ပါတဲ့ အချိုမှုန့်ပါဝင်မှု ပမာဏကို ရှာဖွေပါ။ အဆင့်အတန်းရှိတဲ့ အစားအသောက် တံဆိပ်တွေ အားလုံးရဲ့ ပါဝင်ဖက်ပစ္စည်းစာရင်း (Ingredient List) ရဲ့ အောက်ဆုံးမှာ အချိုမှုန့် တကယ်သုံးထားရင် သုံးထားကြောင်း ပမာဏ အတိအကျ ပါပါတယ်။

(၅) ရိုးရာ ဟင်းခတ်အမွှေးအကြိုင်တွေ (ဥပမာ ပုစွန်ခြောက်၊ ငါးပိ စတာတွေ) ကို ပြန်လည်အစားထိုး သုံးသင့်ပါပြီ။

ကျွန်တော်တို့ရဲ့ ရှေးအစဉ်အဆက် ဘိုးဘွားများဟာ ထွားကျိုင်းသန်မာ ရောဂါကင်းခဲ့တာ အချိုမှုန့် မစားခဲ့ကြတာလည်း ပါပါတယ်။
Mg Mandalay

Copy from - satekuupuyar

Saturday, November 24, 2012

"မွတ်စလင်တွေကို ဘန်ကောက်ပို့ စ် အယ်ဒီတာအာဘော်က တွယ်လိုက်ပြီ"

"မွတ်စလင်တွေကို ဘန်ကောက်ပို့ စ် အယ်ဒီတာအာဘော်က တွယ်လိုက်ပြီ"

ဘင်္ဂလီ( ရိုဟင်ဂျာ)ကို ဘန်ကောက်
ပို့ စ် အင်ဒီတာအာဘော်ကရေးသား
ထားတာကိုဖော်ပြလိုက်ပါတယ်။


Turkey would rather avoid questions when asked about the government's harsh treatment of its critics and Kurdish political activists.,

ရိုဟင်ဂျာပြဿနာကို မွတ်စလင်ကမ္ဘာမှာ ပို၍ အာရုံစူးစိုက်မှုရလာစေရန် ရည်
ရွယ်ချက်ဖြင့် နိုင်ငံခြားရေးဝန်ကြိး Ahmet Davutoglu ကို ရခိုင်ဒေသကို စေလွှတ်
ခဲ့သော တူရကီနိုင်ငံဟာ ကဒ်လူမျိုး နိုင်ငံရေးလှုပ်ရှားသူများအပေါ် ပြင်းပြင်း
ထန်ထန် ကိုင်တွယ်မှုနဲ့ ပတ်သက်ပြီး မေးမြန်းလာလျင် အမြဲ ရှောင်ရှားလေ့
ရှိပါတယ်။

Indonesia dissembles when asked about discrimination against its Christian minority.
ရိုဟင်ဂျာ ပြဿနာကို ငြိမ်းချမ်းစွာ ကိုင်တွယ်ပါလို့ မြန်မာအစိုးရကို တိုက်
တွန်းနေတယ့် အင်ဒိုနီးရှားအစိုးရဟာ သူ့ နိုင်ငံအတွင်းက လူနည်းစု ခရစ်ယာန်
ဘာသာဝင်အပေါ် ခွဲခြား ဖိနှိပ် ဆက်ဆံတယ့်အကြောင်းနဲ့ ပတ်သက်ပြီး
 မေးလာခဲ့ရင် အမြဲဖုံးကွယ် လိမ်ညာလေ့ ရှိပါတယ်။

Saudi Arabia would rather not talk about women's rights at home
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေဟာ ethnic cleansing လူမျိုးတုန်းသတ်ဖြတ်ခံနေရပါပြီ
လို့ အော်ခဲ့သော ဆော်ဒီအာရေဗျဟာ သူ့ တိုင်းပြည်မှာ အမျိုးသမီးအခွင့်အရေး
အကြောင်းကိုပြောဆိုလေ့မရှိပါဖူး။

while Iran continues to speak out against intervention in Syria despite mass killings by the Assad regime.
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာများ အစုလိုက် အပြုံလိုက် "genocide"သတ်ခံနေရပါတယ် ၊
နိုင်ငံတကာ နှင့်ကုလသမဂ္ဂတပ်များ စေလွှတ်ပြီး ကြားဝင် ထိန်းသိမ်းဖို့ လိုအပ်ပါတယ်
လို့ တောင်းဆိုခဲ့တယ့် အီရန်အစိုးရဟာ အာဏာရှင် ဆီးရီယားသမ္မတအာဆတ်
အတိုက်အခံသူပုန်အမြောက်အမြားကိုသတ်ဖြတ်နေခြင်းအပေါ် ကုလသမဂ္ဂမှ
ကြားဝင်ထိန်းသိမ်းပေးဖို့ ကိုတော့ အမြဲကန့် ကွက်နေပါတယ်။

But all these countries agree that the Muslim Rohingya deserve basic human rights and better treatment from the Myanmar authorities.

ဒါပေမယ့် အဲဒီနိုင်ငံတွေအားလုံးဟာ မွတ်စလင် ရိုဟင်ဂျာတွေဟာ အခြေခံ
 လူ့ အခွင့်အရေးတွေ ရသင့်တယ်၊ မြန်မာအစိုးရက သူတို့ ကို ပိုပြီး
ကောင်းကောင်းမွန်မွန် ဆက်ဆံသင့်တယ်လို့ တညီတညာထဲ
သဘောတူနေကြပါတယ်။

သတင်းအပြည့်အစုံကို ဒီမှာ ဖတ်နိုင်ပါတယ်။
'ဒီမှာ"
— in Cox's Bazar, Bangladesh.
 
  New MyanmarFoundation

Tuesday, August 28, 2012

ကရင်ရိုးရာ ချည်ဖြူဖွဲ. မင်္ဂလာပွဲ( New Bern,NC U.S.A)






အမေရိကန်ပြည်ထောင်စု မြောက်ကယ်လိုရိုလိုင်းနားပြည်နယ် နယူးဘန်းမြို. ရှိ Farmer's Market-( 412-s , Front street ) တွင် ယမန်နေ့ နံနက် ( ၁၀ ) နာရီ မှ ညနေ ( ၃း၀၀ ) နာရီထိ ကရင်ရိုးရာ ချည်ဖြူဖွဲ. မင်္ဂလာပွဲ ကို စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။၎င်းလက်ချည်ပွဲတွင် ကျင်းပရေးကော်မတီက အဖွင့်အမှာစကားပြောကြား၍ ကရင်အမျိုးသားသီချင်းဖြင့် အခမ်းအနား ဖွင့်ခဲ့ပါသည်။လူငယ်များ ၊ ကလေးများ ၊ တက်ရောက်လာသူ ဧည့်သည်များအား New Bern မြို. မှ သက်ကြီးရွယ်အိုများက လက်ချည်မင်္ဂလာပွဲအား ချီးမြင့်ခဲ့ကြပါသည်။ထိုလက်ချီပွဲ သို. အနီးပတ်ဝန်းကျင်မြို.မှ ကရင်လူမျိုးများလဲ တက်ရောက်ခဲ့ပါသည်။ အခန်းအနား၌ ကရင်ဘာသာ ( ပိုး ၊ စကော ) ၊ မြန်မာဘာသာ များဖြင့် လက်ချည်ပွဲ ဖြစ်ပေါ်လာပုံကို ပြောကြားခဲ့ပါသည်။
လက်ချည်မင်္ဂလာပွဲတွင် တက်ရောက်သူအင်အား ( ၂၀၀ ) ခန့်ရှိ၍ တက်ရောက်သူများအာ ၊ ကြက်သားဒန်ပေါက် ၊ ငါးငပိချက် ၊ တို့စရာအစုံအလင် ၊ ထမင်းဖြူ ၊ မုန်လာဥဟင်းချို ၊ အုန်းနို.ခေါက်ဆွဲ ၊ ကော်ပြန်.လိပ် ၊ ကောက်ညှင်းပေါင်း ၊ ရွှေရင်အေး ၊ နာနတ်သီး ၊ ဖရဲသီး နှင့် ဖျော်ရည်စုံဖြင့် ဧည့်ခံခဲ့ပါသည်။

တက်ရောက်လာသည့် ဧည့်သည်များအား နယူးဘန်းလူငယ်များမှ ကရင်ရိုးရာတေးသီချင်းများ၊ အ ကများဖြင့် ဖျော်ဖြေခဲ့ပါသည်။