Thursday, January 1, 2015

 

 

မန္တလေး၊ ဇန်န၀ါရီ ၁။

လက်ပတောင်းတောင် ကြေးနီစီမံကိန်းတိုးချဲ.မှုတွင် လုံခြုံရေးအဖွဲ.များ၏ ပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦးသေဆုံးခဲ့သည်ကိုမကျေနပ်သော ဆန္ဒပြပွဲများ ဆက်တိုက်ပေါ်ပေါက်နေရာ စီမံကိန်းရပ်ဆိုင်းရေးတောင်းဆိုချက်များအပြင် ဆန္ဒပြသမားများက သမ္မတဦးသိန်းစိန်၏ အစိုးရအားဖြုတ်ချရန် ယနေ့မန္တလေးတွင်ပြုလုပ်သော ဆန္ဒပြပွဲတွင်ကြွေးကြော်ခဲ့ကြသည်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင်ပါဝင်ခဲ့သော သံဃာတော်အချို. အပါအ၀င် လူအင်အား ၁၀၀၀ နီးပါးခန့်က မန္တလေး ၃၅ လမ်းထောင့်ရှိ မြတောင်ဘုန်းကြီး ကျောင်းအနီးမှ နေ့လည် ၁ နာရီတွင် စတင်လမ်းလျှောက်ချီတက်ခဲ့ပြီး မြို.ကိုပတ်ကာ ကြေးနီစီမံကိန်းရပ်ဆိုင်းရေးနှင့် လက်ပတောင်းတောင် ဒေသတွင် မြေယာသိမ်းဆည်းခြင်း ခံခဲ့ရသော တောင်သူလယ်သမားတို့၏ နစ်နာမှုများအား ဖြေရှင်းပေးရန် အစိုးရကို တောင်းဆိုခဲ့ကြသည်။

ဆန္ဒပြသူတို့က လက်ပတောင်းအရေးဖြေရှင်းရေး နှင့် ကြေးနီစီမံကိန်းလုပ်ကိုင်နေသော တရုတ်နိုင်ငံပိုင် ၀မ်ပေါင်ကုမ္ဗဏီနှင့် စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်တို့အား အလိုမရှိဆန္ဒဖော်ထုတ်ခဲ့ကြသည့်အပြင် လက်ရှိအစိုးရဦးသိန်းစိန်အားဖြုတ်ချရန်လည်း ဟစ်ကြွေးခဲ့ကြသည်။

“လူသတ်အစိုးရ အလိုမရှိ” ၊ “လယ်သမားရန်သူ တို့ရန်သူ” အစရှိသော ကြွေးကြော်ချက်များကို ဟစ်ကြွေးရာ မြို.ခံပရိတ်သတ်က လက်ခုပ်သြဘာတီး၍ အားပေးခဲ့သည်။

ဗြိတိသျှကိုလိုနီခေတ်တွင် တောင်သူလယ်သမားအရေးပုန်ကန်ခဲ့မှုကြောင့် ကွပ်မျက်ခံခဲ့ရသော ဆရာစံပုံပါသည့် ဗီနိုင်းအနီရောင်ပိုစတာ၊ ကြွေးကြော်ချက်များအား ရေးသားထားသည့် တော်လှန်ရေးအသွင်ဖော်ကြူးသည့် အနီရောင်နောက်ခံသုံး ရဲရဲတောက် ပိုစတာများ၊ ခွပ်ဒေါင်းအလံ နှင့် ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ.အစည်း၏ အ၀ါရောင်နောက်ခံ ကဒေါင်းပုံပါရှိသည့် ဗီနိုင်းပိုစတာများအား ၀ါးလုံးများတွင်စွပ်၍ အလံတိုင်များသဖွယ်ပြုလုပ်ကာ ဆန္ဒပြသူတို့က မြို.ကိုပတ်၍ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

“ဘုန်းကြီးတို့ကတော့ ဆက်ဆန္ဒပြသွားမှာဘဲ။ အစိုးရ ဖြုတ်ချရေးဆက်တောင်း ဆိုသွားမှာဘဲ။ ဘာဖြစ်လို့လဲဆိုတော့ အစိုးကလည်း ဒီကိစ္စကိုဖြေရှင်းပေးမှာမဟုတ်ဘူး။ ဦးပိုင်ဆိုတာက စစ်တပ်လေ” ဟု ဆန္ဒပြရာတွင်ဦးဆောင်သူတစ်ဦးဖြစ်သည့် ဆရာတော်ဦးစိန္တိက ကပြောကြားသည်။

ဆန္ဒပြရာတွင် အမျိုးသမီးများ၊ ဆယ်ကျော်သက်ရွယ်အများအပြားလည်း အတူလမ်းလျှောက်ချီတက် ဆန္ဒပြသကဲ့သို့ ရာနှင့်ချီသောမြို.ခံများလည်း ဆိုင်ကယ်များဖြင့်လိုက်ပါလာပြီး ဆန္ဒပြခေါင်းဆောင်များ၏ လက်ကိုင်လော်စပီကာချဲ.စက်အသုံးပြု၍ ကြွေးကြော်ချက်များကို သံပြိုင်လိုက်ဆိုခဲ့ကြသည်။

မန္တလေးရှိ တရုတ်နိုင်ငံကောင်စစ်ဝန်ရုံးတွင် ရဲလုံခြုံရေးများချထားခဲ့ပြီး၊ ဆန္ဒပြအဖွဲ.ကလည်း ထိုနေရာသို့မသွားရောက်ဘဲ မန္တလေးဈေးချိုဘက်သို့ ဦးတည်ခဲ့သည်။

ဈေးချိုးဂုံးကျော်တံတားအော်သို့ အရောက်တွင် ဆန္ဒပြအဖွဲ.ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုသိန်းမြင့်အောင်က မြန်မာနိုင်ငံတွင် ရင်ဆိုင်နေရသည့် ဖွဲ.စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးအခြေအနေနှင့် တခြားအရေးကြီးသည့် လက်ပတောင်းတောင်ကဲ့သို့ကိစ္စရပ်များအား လူမျိုးရေးဘာသာရေးကိစ္စများဖြင့် ပြည်သူလူထုအားေ၀၀ါးစေရန်ပြုလုပ်လျက်ရှိကြောင်း ပြောဆိုခဲ့သည်။

ထို့ပြင်သူက လက်ပတောင်းတောင်စီမံကိန်း၏ အကျိုးဆက်ကြောင့်ဖြစ်ပေါ်လာသည့် ပတ်ဝန်းကျင်နှင့် လူမှုရေးထိခိုက်မှုများကို လေ့လာချက်များမပြုလုပ်မီ၊ လေ့လာချက်များအား ပြည်သူလူထုသို့ပွင့်လင်းမြင်သာစွာ ချမပြမီ စီမံကိန်းရပ်ဆိုင်းရမည် ဖြစ်ကြောင်း ဆန္ဒပြသူများ၏ ကိုယ်စားကြေငြာချက် တစ်စောင်ဖတ်ပြခဲ့သည်။

ထို့နောက် ဆန္ဒပြအဖွဲ.က စတင်ချီတက်ခဲ့ရာ မြတောင်ကျောင်းတိုက်သို့ပြန်လည် လမ်းလျှောက်ပြီး ငြိမ်းချမ်းစွာလူစုခွဲခဲ့သည်။ ယခုဆန္ဒပြမှုသည် လက်ပတောင်းတောင်အရေးနှင့် ပတ်သက်၍ ယခုနှစ်တွင် ပြုလုပ်သော အကြီးမားဆုံးဆန္ဒပြမှုဖြစ်သည်။

အလားတူဆန္ဒပြမှုများ ရန်ကုန်တွင်လည်း လွန်ခဲ့သည့် တနင်္ဂနွေနှင့် ယနေ့တွင်လည်း ကျင်းပခဲ့သည်။ တနင်္ဂနွေနေ့တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်ဆန္ဒပြမှုအား ဦးဆောင်သူများဖြစ်သည့် ဒေါ်နော်အုန်းလှ၊ ကိုနေမျိုးဇင် အပါအ၀င်နှစ်ဦးအား နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ၀တ္တရားနှောက်ယှက်မှု နှင့် တရားမ၀င်စီတန်းလှည့်လည်မှုတို့ဖြင့် တရားစွဲကာ အင်းစိန်ထောင်တွင် ချုပ်နှောင်ထားသည်။
##

(ဓာတ်ပုံများ။ ငြိမ်းချမ်း/Yangon Globe)

No comments: