Monday, December 30, 2013

ဧရာဝတီတိုင်း လပွတ္တာမြို့နယ် ကန်ဘက်ကျေးရွာက မီးဘေးသင့် ကျောင်းသူကျောင်းသားတွေကို ကူညီကြဖို့

လပွတ္တာမြို့နယ် ကန်ဘက်ကျေးရွာက မီးဘေးသင့် ကျောင်းသူကျောင်းသားတွေကို ကူညီကြဖို့



Maung Ne Lynn Aung

လပွတ္တာမြို့နယ် ကန်ဘက်ကျေးရွာက မီးဘေးသင့် ကျောင်းသူကျောင်းသားတွေကို ကူညီကြဖို့ တိုက်တွန်းလိုပါတယ်

လပွတ္တာမြို့နယ်၊ ကန်ဘက်ကျေးရွာကြီးမှာ ဒီဇင်ဘာ ၂၉ ရက်နေ့ညက လောင်ကျွမ်းခဲ့တဲ့ မီးဘေးဒဏ်ကြောင့် အိမ်ခြေ ၂၃၁ အိမ် ပျက်စီးဆုံးရှုံးပြီး၊ လူပေါင်း ၁၁၀၈ ယောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။ မြို့သူမြို့သားတွေ စုစည်းပြီး ကူညီရေး အစီအစဉ်တွေ ဆောင်ရွက်နေပါတယ်။

ဆောင်းတွင် အချိန် ဆိုတော့ စောင်၊ ခြင်ထောင်၊ အ၀တ်အစား ဒါတွေ လိုအပ်ပါတယ်။ အစားအသောက်အတွက်လည်း အခုမနက်က စပြီး ပို့နေပါပြီ။ မနက်ဖြန်ကျရင်လည်း မြို့က ပဲ့ထောင်တွေ ထပ်ပြီး ရိက္ခာနဲ့ အ၀တ်အထည်တွေ သွားပြီး ပို့မှာ ဖြစ်ပါတယ်။

မီးဘေးဒဏ်သင့်တဲ့ ကန်ဘက်ရွာက အထက်တန်းကျောင်းမှာ သူငယ်တန်းကနေ ဒဿမတန်းအထိ ကျောင်းသားပေါင်း ၁၇၅ ယောက် ပညာသင်ယူနေကြပါတယ်။ ဆယ်တန်း နှစ်ကျ အပြင်ဖြေ ကျောင်းသားတွေပါ ထည့်ပြီး တွက်ရင် တစ်ရွာလုံးမှာ ကျောင်းသားပေါင်း ၂၀၀ အနည်းဆုံး ရှိပါလိမ့်မယ်။ အစားအသောက်နဲ့ ရိက္ခာတွေ ပို့နေပြီ ဆိုပေမယ့် ကျောင်းသုံး ပစ္စည်းတွေ လိုအပ်နေတာကို တွေ့ရပါတယ်။

ဒီတော့ကာ မီးဘေးသင့် ကျောင်းသူ ကျောင်းသားတွေ အတွက် လှူကြပါလို့ တိုက်တွန်းလိုပါတယ်။ ကျွန်တော်လည်း အိမ်ပြန်ရောက်နေတော့ မြို့မှာ နေတဲ့ သူငယ်ချင်းတွေနဲ့ စုပြီး ကျောင်းသုံးပစ္စည်း ဖြန့်ဖြူးဖို့ စပြီး လုပ်နေပါတယ်။ ခန့်မှန်းလိုအပ်ချက် စာရင်းကို အောက်မှာ ဖော်ပြထားပါတယ်။

ဗလာစာအုပ် - ၃၀၀ ဒါဇင်
ဘောပင် - ၃၀ ဒါဇင်
ခဲတံ - ၃၀ ဒါဇင်
ပေတံနဲ့ ခဲဖျက် - ၂၀၀ ခု စီ

ကလေးတွေကို လှူချင်တယ် ဆိုရင်တော့ ဒီလို လှူလို့ ရပါတယ်။

၁၃၀၀ ကျပ် ဆိုရင် ဗလာစာအုပ် ၁ ဒါဇင်
၁၀၀၀ ကျပ် ဆိုရင် ဘောပင် ၅ ချောင်း
၅၀၀ ကျပ် ဆိုရင် ခဲတံ ၃ ချောင်းနဲ့ ခဲဖျက် ၁ ခု
၃၀၀ ကျပ် ဆိုရင် ပေတံ ၁ ချောင်း

အတန်းကြီးတွေ အတွက် စက်ဝိုင်းခြမ်း၊ ကွန်ပါ၊ ကျင်တွယ် ဒါတွေ လိုပါတယ်။ သူတို့ စာမေးပွဲမှာ မဖြစ်မနေ သုံးရမယ့် ပစ္စည်းတွေ ဖြစ်ပါတယ်။
ဝိုင်းဝန်းကူညီမယ် ဆိုရင်တော့ ပစ္စည်းတွေကို ကလေးတွေ လက်ထဲ ရောက်အောင် ကျွန်တော် ကိုယ်တိုင် သွားပြီး ဝေပါ့မယ်။ ဇန်န၀ါရီ ၁ ရက်နေ့မှာ ကျွန်တော် အဲဒီကို သွားပြီး ဝေဖို့ရာ စီစဉ် ထားပါတယ်။ အခု ဗလာစာအုပ် စပြီး မှာထားပါပြီ၊ ရသလောက်ကို အရင်ဆုံး ဝေပါ့မယ်။

ကလေးတွေကို ကူချင်တယ် ဆိုရင်တော့ ကျွန်တော့် အိမ်ဖုန်း ၀၉၄၉၇၄၄၄၀၇ နဲ့ ကျွန်တော့် မိတ်ဆွေ ကိုဇော်မင်းသန်းရဲ့ ဖုန်း ၀၉၃၁၇၁၀၂၉၃ ကို ဆက်သွယ်နိုင်ပါတယ်။ ဒီပစ္စည်းတွေ အမြန်ဆုံး ပေးနိုင်ဖို့ လိုနေပါတယ်။ အမြန်ဆုံး ကူကြပါ။ လှူချင်ရင် စာရင်း လှမ်းပေးလို့ ရပါတယ်။ ငွေကိစ္စကို ကျွန်တော် ရန်ကုန် ပြန်ရောက်မှ ရှင်းလို့ ရပါတယ်။ လာယူ ဆိုလည်း လာယူလို့ ရပါတယ်။ တစ်ထောင်၊ နှစ်ထောင် ဆိုလည်း မနည်းပါဘူး။ ကလေးတွေ စာအုပ်ဖိုး၊ ခဲတံဖိုး ရတာပေါ့။

ဓာတ်ပုံ - နှလုံးသားလပွတ္တာ

No comments: