Thursday, June 2, 2011

ဒီကေဘီအေ တပ်ဖွဲ့ ကော့ကရိတ်မြို့နယ်တွင်း လူထုစည်းရုံးရေးနဲ့ ရန်ပုံငွေရရှိရေး လုပ်ငန်းများ လုပ်ဆောင်


http://www.demotix.com/photo/538259/jungle-war-between-dkba-and-spdc-burma

၂၀၁၀ ခုနှစ် နိုဝင်ဘာလမှာ နအဖ စစ်အုပ်စုနဲ့ အပစ်ခတ်ရပ်တာတွေ ပျက်ပြားပြီး မြန်မာစစ်အုပ်စုကို ပြန်လည်တော်လှန် တိုက်ပွဲဝင်နေတဲ့ ဒီကေဘီအေ တပ်ဖွဲ့တွေဟာ မနေ့က နေ့လည်လောက်မှာ မြဝတီနဲ့ ကော့ကရိတ် ကားလမ်းပေါ်က ရန်ကုတ်ရွာအနီးမှာ ကျေးရွာပြည်သူတွေနဲ့ ခရီးသွားပြည်သူ၊ စီးပွားရေးလုပ်ငန်းရှင်များကို စုစည်းပြီး စည်းရုံးရေးလုပ်ငန်းနဲ့ တော်လှန်ရေးရန်ပုံငွေ ရရှိရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း ကြားသိရပါတယ်။

မနေ့က ရန်ကုတ်ရွာအနီးမှာ နေ့လည် ၁၁ နာရီကနေ ညနေ ၃ နာရီလောက်ထိ ရွာသားတွေနဲ့ ကုန်သည်၊ လုပ်ငန်းရှင် တွေကို ဒီကေဘီအေ ဗိုလ်မှူးကျော်သက် ဦးဆောင်တဲ့ တပ်ဖွဲ့မှ ဗိုလ်ဆန်းအောင် ဦးစီးကာ စည်းရုံးရေးတရားများ ဟောပြောသွားတယ်လို့ မြဝတီမြို့ ကုန်သည်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတဦး ပြောပြတာက …

“ဟုတ်တယ် မနေ့က တောင်ပေါ်လမ်းမှာ အဆင်းကားတွေကို တားထားတာတဲ့။ ပထမတော့ ခရီးသည်တွေလည်း သေနတ်တွေနဲ့ဆိုတော့ ကြောက်နေကြတယ်တဲ့၊ ခဏကြာတော့မှ လူတွေစုပြီး စကားပြောတာတဲ့။ တော်လှန်ရေး ရန်ပုံငွေကိစ္စ ပြောတယ်။ လူထုတွေ လုပ်ငန်းရှင်တွေ အနေနဲ့ ပါဝင်ကူညီကြဖို့လိုအပ်တယ်လို့ ပြောသွားတယ်။ ပြော တာဆိုတာကတော့ အေးဆေးပါပဲ၊ အတင်းအဓမ္မ လုပ်တာမျိုး မဟုတ်ပါဘူး” လို့ ပြောပြသွားပါတယ်။

အခြေအနေ အပြည့်အစုံကိုသိရဖို့ ဒီကေဘီအေ တပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းခဲ့ရာ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ဆန်းအောင် က …

“ကျနော်တို့ ပြည်သူတွေ အဖိနှိပ်ခံဘဝမှ လွတ်မြောက်ဖို့၊ စစ်မှန်တဲ့ ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်နိုင်ဖို့ ကျနော်တို့ တိုက်ပွဲဝင်နေတယ်၊ ကျနော်တို့ကို ပြည်သူလူထုအနေနဲ့ စိတ်ဓါတ်အရ အားပေးတာကျေးဇူးတင်တယ်၊ ဒါပေမယ့် စိတ်ဓါတ်အရ အားပေးတာလောက်နဲ့ မလုံးလောက်ဘူး၊ လက်တွေ့လုပ်ပေးနိုင်တာတွေကို လုပ်ပေးနိုင်ရင် ပိုကောင်းမယ်။ တော်လှန်ရေးလုပ်တယ်ဆိုတာ ရန်ပုံငွေလိုအပ်ပါတယ်။ တော်လှန်ရေး ရဲဘော်တွေအတွက် ဝတ်စရာ စားစရာ လက်နက်ခဲယမ်း အဲဒါတွေအတွက် ငွေလိုအပ်ပါတယ်။ ကျနော်တို့ အဲဒီလို ပြောပြီး စည်းရုံးခဲ့တာပါ။ နောက်ပိုင်းမှာ လုပ်ငန်းရှင်တွေအတွက် လုပ်ငန်းခွင့်ပြုလက်မှက် ပုံမှန်လုပ်ဖို့ကိုပါ နေရာသတ်မှတ်ပေးထားပါတယ်။ ကျနော်တို့ လက် ရှိ တော်လှန်ရေး လုပ်နေတယ်ဆိုတာ ပြည်သူတွေနဲ့ ပူးပေါင်းပြီး ရပ်တည်တဲ့ တော်လှန်ရေး ဖြစ်တယ်။ ကျနော်တို့ တဦးတယောက်ထဲ တမျိုးသားထဲအတွက် လုပ်တာမဟုတ်ဘူး။ ကျနော်တို့ ပြည်သူတွေအားလုံးနဲ့ ပူးပေါင်းလုပ်တဲ့ တော်လှန်ရေး ဖြစ်တယ်။ ကျနော်တို့ လိုအပ်တာကို ပြည်သူလူထုဆီက အကူအညီတောင်းတယ် ပြည်သူလူထုကို မှီခိုတယ်။ ပြည်သူလူထုကြားမှာပဲ တည်ဆောက်တယ်။” လို့ ပြောပြသွားပါတယ်။

ဒီကေဘီအေ တပ်ဖွဲ့တွေရဲ့ စည်းရုံးရေးလုပ်ငန်းလုပ်ဆောင်မှုမှာ အချိန် ၃ နာရီခန့် ကြာမြင့်ခဲ့ပါတယ်။ ညနေ ၅ နာရီ လောက်မှာ ကြံ့ဖွံ့အစိုးရ စစ်တပ်ဘက်မှ လက်နက်ကြီးများနဲ့ ၇ ချက်လှမ်းပစ်ခဲ့တယ်လို့ သိရှိရပါတယ်။

ပြီးခဲ့တဲ့ မေလ နောက်ဆုံးသတင်းပတ်တွေမှာ ယခင် ဒီကေဘီအေဌာနချုပ်ဖြစ်ခဲ့တဲ့ မြိုင်ကြီးငူစခန်းကို နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးကို လက်မခံတဲ့ ဒီကေဘီအေတပ်တွေက ထိန်းချုပ်လိုက်ပြီးတဲ့နောက်ပိုင်းမှာ ဒီကေဘီအေ တပ်ဖွဲ့တွေ ရဲ့ တော်လှန်ရေးနယ်မြေ တိုးချဲရေးနဲ့ အုပ်ချုပ်ရေးနဲ့ စည်းရုံးရေးလုပ်ငန်းတွေ ပိုမိုလုပ်လာနိုင်တာ တွေ့ရှိရပါတယ်။
From Naythit

Sunday, May 8, 2011

သမိုင်းတကွေ့မှ သမ္မတကြီး မန်းဝင်းမောင်

သမိုင်းတကွေ့မှ သမ္မတကြီး မန်းဝင်းမောင်

သန်းဝင်းလှိုင်

မေ ၂၊ ၂၀၁၁

၁၉၅၇ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် ပါလီမန်လူမျိုးစုလွှတ်တော် တွဲဖက်ညီလာခံမှ မြန်မာနိုင်ငံ၏ တတိယမြောက် သမ္မတ မန်းဝင်းမောင်အား ရွေးကောက်တင်မြှောက် ခဲ့ကြသည်။ သမ္မတ မန်းဝင်းမောင်သည် ဖက်ဆစ်တော်လှန်ရေးကာလ၌ ရှေ့တန်းမှပါဝင်ခဲ့ပြီး၊ တိုးတက်သောအမြင်ရှိသည့် ကရင်လူငယ် ပညာတတ်ဖြစ်သည်။ သူသည် ကရင်-ဗမာ ချစ်ကြည်ရေးကို ကြိုးပမ်းဆောင်ရွက်ခဲ့သူလည်း ဖြစ်သည်။

သမ္မတကြီး မန်းဝင်းမောင်ကို ၁၉၁၆ ခုနှစ် ဧပြီလ ၁၇ ရက်နေ့ တနင်္လာနေ့တွင် ပုသိမ်ခရိုင် ကျုံပျော်မြို့နယ် လှည်းဆိပ်ရွာ၌ ဖွားမြင်ခဲ့သည်။ မိဘများမှာ အဖ ပညာအုပ် ဦးရွှေရင် နှင့် အမိ ဒေါ်သာယာ တို့ဖြစ်သည်။

ငယ်စဉ်က ပုသိမ်မြို့ မွန်ကရင် အထက်တန်းကျောင်း၊ ဂျဒ်ဆင်ကောလိပ်တို့တွင် ပညာ သင်ကြားခဲ့သည်။ ၁၉၃၃ ခုနှစ်တွင် ဆယ်တန်းအောင်၍ ၁၉၃၇ တွင် ရန်ကုန်တက္ကသိုလ်ဝိဇ္ဇာ(BA) ဘွဲ့ရရှိ ခဲ့သည်။

ဘွဲ့ရပြီးနောက် ၁၉၃၇ မှ ၁၉၄၀ အထိ သန်လျင် ဘီအိုစီကုမ္ပဏီတွင် စာရင်းဌာန၌ ဝန်ထမ်းအဖြစ် လည်းကောင်း၊ အတွင်းဝန်ရုံး (နောင် ဝန်ကြီးများရုံး)၌ အစိုးရဝန်ထမ်းအဖြစ် လည်းကောင်း ထမ်းရွက်ခဲ့သည်။ ၁၉၄၁ ခုနှစ်တွင် မေမြို့(ပြင်ဦးလွင်မြို့) တွင် ဗိုလ်သင်တန်းတက်ရောက်၍ ၁၉၄၁-၄၁ တွင် အရာခံဗိုလ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၄၂ တွင် အင်္ဂလိပ်စစ်တပ်များ အိန္ဒိယသို့ အောင်မြင်စွာဆုတ်ခွာရာ၌ အိန္ဒိယသို့ မလိုက်တော့ဘဲ မြန်မာပြည်၌နေခဲ့သည်။ ထို့နောက် မန်းဝင်းမောင် သည် ၁၉၄၂ မတ်လတွင် ရန်ကုန်မြို့နေ ဦးစံလှ ဒေါ်ဒွေးတို့၏သမီးဖြစ်သူ မမြမေနှင့် လက်ထပ်၍ သားသမီး ၆ ဦးထွန်းကားခဲ့သည်။

ဖက်ဆစ်ဂျပန်တော်လှန်ရေးတွင် ပါဝင်၍ ဖက်ဆစ်တော်လှန်ရေးအတွက် ၁၉၄၄ ခုနှစ် ဒီဇင်ဘာ လ၂၀ ရက်နေ့တွင် အိန္ဒိယနိုင်ငံသို့ စစ်ပညာသင်ကြားရန် ရန်ကုန်မှ ထွက်ခွာခဲ့သည်။ သူနှင့်အတူ သခင်ဗိုလ်၊ သခင်လှကွန်း၊ ကိုအုန်းမောင်၊ ကိုစောဟန်၊ ကိုသောင်း၊ ကိုဘသောင်း၊ ကိုအောင်ထွန်း (ဗိုလ်မှူး ချစ်ကောင်း) ၊ ဦကျော်ရင် (ကထိက) ၊ ကျော်ဝင်းမောင်၊ သခင်တင်ရွှေ၊ မစ္စတာဂိုရှယ်၊ ကိုစောဖြူ (ဒုတိယ ကာကွယ်ရေးဦးစီးချုပ်လေး)၊ ကိုစံတင့် (စံတင့်-ရှမ်းပြည်)၊ ကိုညိုထွန်း၊ သခင်ဖေတင့်၊ မမြရီ၊ ကိုဘစော (သံအမတ်ကြီး) စသည်တို့ပါဝင်၍ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့တွင် စစ်ရေး၊ စည်းရုံးရေး၊ အုပ်ချုပ်ရေး၊ လက်နက်ငယ် ကိုင်တွယ်ပစ်ခတ်ရေးနှင့် ဖောက်ခွဲဖျက်ဆီးရေး သင်တန်းများကို တက်ရောက်ခဲ့သည်။ စစ်သင်တန်းပြီးဆုံးသောအခါ သီဟိုဋ္ဌ် (သီရိလင်္ကာ) နိုင်ငံ၌ ဆက်လက်၍ စစ်သင်တန်းများ တက်ရောက်ခဲ့ပြန်သည်။

၁၉၄၅ ခုနှစ် မတ်လ ၃၀ ရက်နေ့ ညနေပိုင်းတွင် တောင်ငူခရိုင် ဖြူးမြို့နယ်အရှေ့ဘက် ဘွားအေစုရွာအနီး၌ လေထီးဆင်းခဲ့ရာတွင် မန်းဝင်းမောင်သည် လယ်ကန်သင်းပေါ်ကျပြီး ပေါင်တဖက် ကျိုးခဲ့သည်။ တောရွာများတွင် နေထိုင်ခဲ့ရသောကြောင့် တိုင်းရင်းဆေးဝါးဖြင့် ပတ်တီးစီးပေးခဲ့ရသည်။ တော်လှန်ရေးကာလတလျှောက်လုံး မန်းဝင်းမောင်သည် ထန်းစင်ထက်တွင်လှဲ၍ ကရင် တိုင်းရင်းသားများကို အောင်မြင်စွာ စည်းရုံးလှုံ့ဆော်နိုင်ခဲ့သည်။ ၁၉၄၅ ခုနှစ် ဇွန်လတွင် မန်းဝင်းမောင်ကို ဗြိတိသျှ တပ်ဖွဲ့တဖွဲ့က လေယာဉ်ပျံဖြင့် အိန္ဒိယနိုင်ငံ ဆေးရုံတရုံသို့ပို့၍ ဆေးဝါးကုသပေးခဲ့သည်။

၁၉၄၅ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့တွင် သခင်သိန်းဖေ( သိန်းဖေမြင့်) နှင့်အတူ အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည်။ လွတ်လပ်ရေးကြိုးပမ်းမှုတွင် ဆက်လက်ပါဝင်၍ ကရင်-ဗမာချစ်ကြည်ရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ၁၉၄၅ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်တွင် စောထွန်းစိန်၊ စောမြင့်သိန်း၊ စောစံဘိုးသင်၊ မန်းဘခိုင်တို့နှင့် ကရင်လူငယ်များအစည်းအရုံး (Karen Youths Organization{KYO) ကို ဖွဲ့စည်းတည်ထောင်၍ ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုစဉ်က ဥက္ကဋ္ဌမှာ အာဇာနည် မန်းဘခိုင် ဖြစ်သည်။ မန်းဝင်းမောင်သည် ကရင်လူငယ်အစည်းအရုံးက ထုတ်ဝေသော ‘တိုင်းရင်းသားဂျာနယ်’ ၏ အယ်ဒီတာအဖြစ်လည်း တာဝန်ယူခဲ့သည်။ ထို့နောက် ၁၉၅၁ ခုနှစ်တွင် ပြည်ထောင်စု ကရင်အမျိုးသားအဖွဲ့၏ ဥက္ကဋ္ဌဖြစ်လာသည်။

မန်းဝင်းမောင်သည် ၁၉၄၇ ခုနှစ် ဧပြီလ ၁၁ တွင် ပုသိမ်မြောက်ပိုင်းမှ တိုင်းပြုပြည်ပြုလွှတ် တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံရသည်။ ၁၉၄၇ ခုနှစ် မေလ အခြေခံဥပဒေရေးဆွဲရေး ကော်မတီအဖွဲ့ဝင်၊ လမ်းညွန်အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့တွင် သခင်နု ဦးဆောင်သော ယာယီအစိုးရအဖွဲ့၌ ဓာတ်သတ္တုဌာနဝန်ကြီး၊ ၁၉၄၈ ခု ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရအဖွဲ့၌ အဆောက်အဦ၊ လမ်းပန်းဆက်သွယ်ရေးနှင့် အလုပ်သမားဌာန ဝန်ကြီးအဖြစ်ဆောင်ရွက်ခဲ့သည်။

၁၉၅၁ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ရွေးကောက်ပွဲ၌ မအူပင်တောင်ပိုင်းမှ တိုင်းပြုပြည်ပြု လွှတ်တော်ကရင်အမတ်အဖြစ် ရွေးချယ်ခံရသည်။ ၁၉၅၂ ခုနှစ် မတ် ၁၆ ရက်နေ့တွင် သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးအဖြစ် ရွေးကောက်တင်မြှောက်ခံရသည်။ ထို့နောက် ၁၉၅၆ ခုနှစ် ရွေးကောက်ပွဲတွင် မအူပင်တောင်ပိုင်းမှ တိုင်းပြုပြည်ပြုလွှတ်တော် ကရင်အမတ်အဖြစ် ဆက်လက်ရွေးချယ်ခံရသည်။ ၁၉၅၆ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် ပြည်တွင်းရေကြောင်းနှင့် ဆိပ်ကမ်းဆိုင်ရာဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။

ယင်းနောက် ၁၉၅၇ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ပါလီမန်လူမျိုးစုလွှတ်တော်၏ တွဲဖက်ညီလာခံမှ မြန်မာနိုင်ငံ၏ တတိယမြောက် သမ္မတကြီးအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည်။ သမ္မတ မန်းဝင်းမောင်သည် သမ္မတကြီးအဖြစ် ၅ နှစ်သက်တမ်း ထမ်းရွက်နေစဉ်အတွင်း ၁၉၆၂ ခုနှစ် မတ်လ ၁ ရက်နေ့ သန်းခေါင်ကျော် မတ်လ ၂ ရက်နေ့အကူးမှာပင် ဗိုလ်ချုပ်ကြီးနေဝင်း ခေါင်းဆောင်သော တော်လှန်ရေးကောင်စီအမည်ခံ စစ်တပ်က အာဏာသိမ်းပိုက်လိုက်ပြီးနောက် အစိုးရအဖွဲ့ဝင်များနှင့်အတူ ထိန်းသိမ်းခြင်းခံရသည်။ ထို့နောက် ၁၉၆၇ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

၁၉၆၈ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့တွင် တော်လှန်ရေးကော်စီ၏ ကြေညာချက်အမှတ် ၇၂ အရ ပြည်ထောင်စုမြန်မာနိုင်ငံ ပြည်တွင်းညီညွတ်ရေး အကြံပေးအဖွဲ့ကို ဖွဲ့စည်းခဲ့ရာတွင် ယင်းအဖွဲ့၌ အဖွဲ့ဝင် အဖြစ် ပါဝင်ခဲ့သည်။ အကြံပေးအဖွဲ့ ၃၃ ဦး၌ အဖွဲ့ဝင် ၁၈ ဦး၏ အကြံပြုအဖွဲ့တွင် ပါဝင်၍ ဒီမိုကရေစီ ဆိုရှယ်လစ် နိုင်ငံထူထောင်ရန်၊ ပါတီစုံစနစ်ကျင့်သုံးရန်၊ ခြေလေးချောင်းထောက် စီးပွားရေးစနစ် ကျင့်သုံးရန်၊ ၁၉၄၇ ခု ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို မူတည်ပြီး ပြင်ဆင်ဖြည့်စွက်ရေးဆွဲရန် တင်ပြခဲ့သည်။

၁၉၈၈ သြဂုတ်လ ၈ ရက်နေ့တွင် ဒီမိုကရေစီအရေးတော်ပုံကြီး ပေါ်ထွန်းခဲ့ပြီးနောက် သြဂုတ်လ ၂၉ ရက်နေ့တွင် ဝန်ကြီးချုပ်ဟောင်းဦးနု နာယကအဖြစ် အမှူးပြုသော ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအဖွဲ့ (ဒီ/ငြိမ်း) ၌ သမ္မတဟောင်း မန်းဝင်းမောင်သည် ဥက္ကဋ္ဌအဖြစ် သြဂုတ်လ ၃ ရက်နေ့အထိ ထမ်းရွက်ခဲ့သည်။

ထို့နောက် သမ္မတဟောင်း မန်းဝင်းမောင်သည် ၁၉၈၉ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သွားခဲ့သည်။ ကွယ်လွန်ချိန်၌ ပုံမနှိပ်ရသေးသည့် “ဌေးဝင်းမောင်ပြောသော လေထီး သမ္မတ” ဟု အမည်ပေးထားသော ကိုယ်ရေးမှတ်တမ်း လက်ရေးမူ ကျန်ရစ်ခဲ့သည်။

သမ္မတ မန်းဝင်းမောင်သည် နိုင်ငံတော်က ချီးမြှင့်ခဲ့သော အဂ္ဂမဟာ သရေစည်သူ၊ အဂ္ဂမဟာ သီရိသုဓမ္မဘွဲ့များအပြင် လွတ်လပ်ရေးမော်ကွန်းဝင် (ဒုတိယဆင့်)၊ နိုင်ငံဂုဏ်ရည် (ပထမဆင့်) ဘွဲ့တံဆိပ်များ ရရှိခဲ့သည်။ ၁၉၅၉ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ယိုးဒယားဘုရင်၏ ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်၊ ၁၉၆၀ ပြည့်နေ့တွင် တော်လှန်ရေးကြယ်တံဆိပ် (ဒုတိယဆင့်) တို့ကို ရရှိခဲ့သည်။

ထူးခြားချက်မှာ နိုင်ငံတော်သမ္မတကြီးအဖြစ် တာဝန်ထမ်းဆောင်နေစဉ်အတွင်း ၁၉၆၀ ပြည့်နှစ် သြဂုတ်လ ၈ ရက်နေ့၌ ဖက်ဆစ်တော်လှန်ရေးကာလက အိန္ဒိယသို့ အတူသွားရောက်၍ စစ်ပညာ သင်ကြားခဲ့ပြီး လေထီးအတူဆင်းဖက်ဖြစ်သော မြင်းခြံကိုစိုးမောင် (ဗမာပြည်ကွန်မြူနစ်ပါတီဝင် ဗိုလ်မှူး ချစ်ကောင်း) အား တရားလွှတ်တော်က ချမှတ်ထားသည့် သေဒဏ်စီရင်ချက်ကို ပယ်ဖျက်၍ သမ္မတ အမိန့်ဖြစ် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။ ထိုအကြောင်းကို ဗိုလ်မှူးချစ်ကောင်းက သူ၏ အနှစ် နှစ်ဆယ် စာအုပ်တွင် “သမ္မတကြီးသည် ကျနော်အား လုံးဝ လွတ်ငြိမ်းခွင့်ပေးပြီး လွှတ်ပစ်လိုက်၏၊ သူသည် ရဲဘော်စိတ်ကို အထင်အရှားပြသလိုက်ခြင်းပင် ဖြစ်သည်။ လွတ်လပ်ရေးတိုက်ပွဲကို အတူဆင်နွှဲခဲ့ကြသော ရဲဘော်များသည် အချင်းချင်း ရဲဘော်စိတ်ကို ပြန်လည်၍ မွေးဖွားကြသည်။ ပြည်တွင်းငြိမ်းချမ်းရေး ပြဿနာကြီးကို ပြေလည်သွားအောင် ဖြေရှင်နိုင်ကြလျှင် မည်မျှကောင်းလေမည်နည်း” ဟူ၍ ရေးသားဖော်ပြထားလေသည်။

သမ္မတကြီး မန်းဝင်းမောင်ကမူ သတင်းစာဆရာများကို “ကျုပ်သမ္မတဖြစ်မှ မြင်းစီးတတ်တာ တစ်ခုရယ်၊ ရဲဘော်ကြီး ကိုချစ်ကောင်းကို သေဒဏ်က လွတ်ပစ်နိုင်တာရယ်တို့ဟာ အမှတ်တရဖြစ်ပြီး ကျေနပ်အားရမိပါတယ်” ဟူ၍ ပြောကြားခဲ့ဖူးသည်။

(၁) မောင်ဇေယျာ၊ မြန်မာလူကျော် ၁၀၀ (ပထမအုပ်) ယူနီတီစာအုပ်တိုက်၊ ပကြိမ် ၂၀၁၀ မတ်လ။

(၂) ဗိုလ်မှူးချစ်ကောင်း၊ အနှစ်နှစ်ဆယ် ၊ ဗမာအမျိုးသမီးပုံနှိပ်တိုက်၊ ပကြိမ် ၁၉၆၁ ၊ ဇွန်လ။

(၃) သန်းဝင်းလှိုင်၊ အနှစ်ချုပ်မြန်မာ့သမိုင်းအဘိဓာန် (ဒုတိယတွဲ) ၊ ပညာရွှေတောင် စာအုပ်တိုက်၊ ပကြိမ် ၂၀၁၀။

from moemaka

Monday, April 18, 2011

New Bern ,NC U.S.A မြန်မာနှစ်ဆန်းတစ်ရက်နေ့ သက်ကြီးပူဇော်ပွဲ

အမေရိကန်ပြည်ထောင်စု၊ မြောက်ကယ်ရိုလိုင်းနားပြည်နယ်၊ နယူးဘန်:မြို့ ရှိ မြန်မာမိသားစုများက မြန်မာနှစ်ဆန်းတစ်ရက်နေ့ သက်ကြီးပူဇော်ပွဲ(4.17.2011)