Showing posts with label from mathadar. Show all posts
Showing posts with label from mathadar. Show all posts

Monday, August 9, 2010

မုန်တိုင်းထဲက တော၏ ပုံပြင်

မုန်တိုင်းထဲက တော၏ ပုံပြင်

မှတ်မိသေးတယ်. ဝေ့
မှောင်မိုက်တဲ့ ညလေးတစ်ည..
လက်နက်ကြီးရဲ့ ပစ်ခွင်းသံ
ကျပြီး..ပေါက်ကွဲသံ
ယိုင်သွားတဲ့ ၀ါးထရံတဲကလေး..
သားရဲ့ အော်သံက.. အမိုးရေ ပြေးပြေး...


အမှောင်ထဲကသေနတ်သံ
ဒိုင်းဒိုင်းဒက်ဒက်..ရဲနီသောသွေးစက်
ကရင်ရွာကလေးပျက်ပြီ..
မီးခိုးမဲမဲ မီးတောက်ရဲ..
ငရဲပျက်မတတ် အသံဆိုး.
ဒီရွာကလေးအဖို့ ကဌက်ဆိုး..


ရှိတဲ့အိုးခွက်..ရရာယူပြေး..
တောကြမ်းကလေးနဲ့တောင်ပေါ်
မိုင်းဗုံးအတိ..တောရဲ့အထိ
ဝါးရွက်ရဲ့ ကြမ်းလျှတဲ့ အရသာ.
မိသားစု တကွဲတပြဲ..
နေစရာ နေရာလည်းမဲ့..
တောတွင်းထဲ တိရိစ္တာန်သာသာ..
ဒီလိုနဲ့ ကျမဘ၀ ..အနှစ် ၆၀ တောင်ရပြီ..

သား ၃ယောက် သမီးတစ်ယောက်
မြေး ၁၀ယောက် ရှိပြီ..
ပြေးမဲ့ ဘေးက လွတ်ဘဲမလွတ်နိုင်ဘူး..
ဖထီးခုတ်ထားတဲ့ ဒီတောင်ယာ..
မစွန့် နိုင်လို့ ပါ..

သားတယောက် ပျောက်..
ချွေးမက သေ.
မြေးမအလောင်းက..မုဒိမ်းကျင့်ခံရ..
အမိုးငယ်ငယ်က လိုဘဲ ဝေ့
အမိုးတောင် အဖွားကြီိးမို့ ကံကောင်းတာလား..

အော်...ဒီ ဝဋ်တွေ ခုထိမကျွတ်သေးဖူး..
လူမမယ်..ခလေးတွေ လက်ဆွဲ
ပုလိုင်းတလုံး
ဒန်အိုးတစ်လုံး..ဆန်လေး နှစ်ဗူး..
ဟင်းမပါ ဗြောင်တမင်း စားရတယ်..
ဒါလေးသာ အဟာရ။

မဲလ ဆီ ခရီးကြမ်း..မြေးတွေနဲ့ အတူလှမ်း..
နို့ စို့ မြေးလေး..အမေနို့ မေးတဲ့အခါ..
အမေသေတာ..ဘယ်လိုပြောရပါ့
အဖွားနဲ့  နို့ ပိန်ကပ် ပါးစပ်ထဲတတ်တော့
နို့ ရည်မထွက်..ကုန်းကိုက်တဲ့ သွားချက်..
အသက်ထွက်မတတ်အောင်...

မငိုနဲ့  ရှူးတိုးတိုး..
စစ်သားအသံကြား..သူသိသွားမယ်..
ရယ်သံငိုသံ..ဘာသံမှမလုပ်ရ..
ကလေးဘ၀..အပျော်မဲ့..
ဒါကရင်တွေ ရဲ့ ဘ၀ဘဲ

တောတွေထဲ မိုးရွှဲ..
ပလပ်စတစ်မိုး အင်ဖက်မိုး..
ဖြစ်သလိုနဲ့ ဘ၀..
နို့ စို့ ကလေး..အစာမရ..
ငတ်ပြီး သေသွားတယ်..

တတောင်ကျော် တတောဖြတ်..
ခရီးကြမ်းတလစပ်
မဲလ အရောက်မှ အသက်ရှူချောင်တယ်
လမ်းမှာသေတာ မြေးနှစ်ယောက်
ခု..သားနှစ်ယောက် မြေးငါးယောက်..
အမိုးအသက် ခြောက်ဆဲ့ ခြောက်။

ဒီလိုနဲ့ တနှစ်ပြီးတနှစ်..
အမေရိက ရောက်လာဖြစ်တယ်..
အခုမှ..သမ္မာကျမ်းစာ..ရဲရဲ ဆိုရဲသူပါ..
ဟောကြည့် ကလေးတွေဆို
ငိုချင်သလို ငို..ရယ်ချင်သလို ရယ်
လွတ်လပ်မှူရဲ့ အရသာ..မြန်မာမြေမှာမရှိ..
သို့ ပေတည့်လား..ညတိုင်း အိမ်မက်..
မြန်မာပြည်တော့ လွမ်းမိလျှက်
အိမ်ပြန်ချင်သေးတယ်.
ဖထီးခေါင်းချတဲ့နေရာ သတိရတယ်။

ကြေကွဲစွာဖြင့်
မသဒ္ဓါ (၄။ ၈။၂၀၁၀)