
တွေ့ဆုံဆွေးနွေးရေးကို မှန်မှန်ကန်ကန် လုပ်ဆောင်လာစေရန်အတွက် ချော့မြှူရေးဝါဒနည်းလမ်း သုံးမရသည့် နအဖစစ်အုပ်စုအား နိုင်ငံရေး၊ စစ်ရေးအရ ပြတ်ပြတ်သားသား ရှေ့ဆက်တိုက်ပွဲဝင်သွားမည်ဟု ကေအန်ယူက ပြောသည်။
ကေအန်ယူ ဒု-ဥက္ကဋ္ဌ ပဒိုဒေးဗစ်သာကပေါက “တွေ့ဆုံ ဆွေးနွေးရေးမူကို ကေအန်ယူက ဆက်လက်ကိုင်စွဲ ထားပေမယ့် နအဖက ကေအန်ယူကို တဖက်သတ် သူတို့နဲ့ ပူးပေါင်းဖို့ လက်နက်ချဖို့ပဲ ပြောတယ်။ နိုင်ငံရေးအရ ဖြေရှင်းမှုကို မကြိုးစားဘူး။ သူတို့ရဲ့ အာဏာတည်မြဲရေး လမ်းစဉ်ကိုပဲ ဆက်လုပ်နေတယ်။ တွေ့ဆုံ ဆွေးနွေးရေး လုပ်မှသာ ငြိမ်းချမ်းစွာနဲ့ မြန်မာနိုင်ငံပြဿနာကို ဖြေရှင်း နိုင်မယ်” ဟုပြောသည်။
သို့သော် နအဖက နိုင်ငံရေးပြဿနာကို စစ်ရေးနှင့်သာ ဖြေရှင်းလိုသည့်အတွက် ကေအန်ယူလက်အောက်ခံ တပ်မဟာများတွင် တိုက်ပွဲများ အမြဲဖြစ်ပွားနေသကဲ့သို့ ကျန်တပ်မဟာများတွင်လည်း ဖြစ်ပွားနေကြောင်း ၎င်းကပြောသည်။
“နအဖ အနေနဲ့ ကေအန်ယူ အပါအဝင် တော်လှန်ရေးအဖွဲ့အစည်းတွေကို နောက်ထပ်အနှစ် (၁၀၀) အထိ ဆက်တိုက်ချင်ရင်လည်း ရတယ်။ ဗိုလ်သန်းရွှေကို ပြောချင်တာက မြန်မာ့နိုင်ငံရေးပြဿနာကို စစ်ရေးနည်းနဲ့ ဘယ်လိုမှ ဖြေရှင်းလို့ရမှာမဟုတ်ဘူး။ ဒါကြောင့် တွေ့ဆုံဆွေးနွေးရေးနည်းကသာ အကောင်းဆုံးဖြစ်တယ်” ဟု ပဒိုဒေးဗစ်သာကပေါက ပြောသည်။
No comments:
Post a Comment