Thursday, March 19, 2009
Sunday, March 15, 2009
Tuesday, March 10, 2009
Saturday, March 7, 2009
Wednesday, March 4, 2009
Tuesday, March 3, 2009
ရန်ကုန်လက်ဝှေ့ပွဲ ဆူပူမှုဖြစ် ပြိုင်ပွဲမီးမှောင်ချပြီး ၀န်ကြီးကို ကာကွယ်ပေးရ NEJ /၃ မတ် ၂၀၀၉

အားကစားဝန်ကြီး ဗိုလ်မှူးချုပ်သူရအေးမြင့် လက်ဝှေ့ပွဲ ကြည့်ရှုနေစဉ် ဆူပူမှုတရပ် ဖြစ်ပွားခဲ့ကြောင်း အဆိုပါပွဲကို ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့သူများက ပြောသည်။
မတ်လ (၁) ရက်က ရန်ကုန် သုဝဏ္ဏ အားကစားရုံတွင် ကျင်းပသည့် ဒဂုံရွှေအောင်လံ လက်ဝှေ့ပြိုင်ပွဲအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပရိသတ်များ ဆူပူလာသည့်အတွက် ခန်းမကို မီးမှောင်ချပြီး လက်ဝှေ့ပွဲကြည့်နေသည့် အားကစားဝန်ကြီး ဗိုလ်မှူးချုပ် သူရအေးမြင့်အား လုံခြုံရေးများက အကာအကွယ်ပေးခဲ့ရကြောင်း ကိုယ်တိုင်ကြုံ တွေ့ခဲ့ရသူတဦးက ပြောသည်။
၎င်းက “အဲဒီနေ့က လက်ဝှေ့ပွဲ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ စောငမန်းနဲ့ လုံးချော (ညောင်တုန်း) ထိုးတဲ့ပွဲမှာ ဖြစ်တာ။ သူတပြန် ကိုယ်တပြန် ထိုးနေတုန်း စောငမန်း လဲကျနေတဲ့အချိန် လုံးချောက ညစ်ပြီး ဒူးနဲ့တိုက်ဖို့ ကြိုးစားတာ။ ပရိသတ်က အားလုံးတွေ့နေရတော့ လုံးချောညစ်တယ်ဆိုပြီး ဆဲလည်းဆဲ၊ ရေသန့်ဘူးတွေ၊ ရေခဲအိတ်တွေ အချိုရည်ဘူးခွံတွေနဲ့ စင်ကို ဝိုင်းပေါက်ကြတာ။ အဲဒီအချိန် ဗိုလ်မှူးချုပ် သူရအေးမြင့်လည်း ပွဲကြည့်နေတယ် ဆိုတော့ ခန်းမကြီးတခုလုံးကို မီးမှောင်ချလိုက်ရတယ်။ မိနစ်တချို့ကြာပြီးနောက် မီးပြန်လင်းလာပြီး ဒိုင်ချုပ်က ပရိသတ်ကို အကယ်၍ စည်းကမ်းချိုးဖောက်တာ ရှိခဲ့ရင် အမှတ်လျှော့မယ်၊ အရှုံးပေးပါ့မယ်၊ ပရိသတ်ကြီး ကျေနပ်ကြပါဆိုပြီး တောင်းပန်တယ်။ မီးမှောင်ပြီး ရေသန့်ဘူးတွေ ပလူပျံနေတုန်းမှာ ဝန်ကြီးကို လုံခြုံရေးရဲတွေ ရောက်လာပြီး အကာအကွယ်ပေးကြတယ်။ လက်ဝှေ့ကြိုးဝိုင်းနားမှာ ကြည့်နေတဲ့ အချို့စစ်အရာရှိတွေကတော့ ခုံအောက်ကြမ်းပြင်ပေါ်မှာ ဝပ်နေကြတာ တွေ့ရတယ်” ဟု ပြောသည်။
အဆိုပါပွဲပြီးသည့်နောက် လုံးချောနဲ့ စောငမန်း တယောက်ကို တယောက် အလဲထိုးနိုင်ခြင်း မရှိသည့်အတွက် အမှတ်ပေးဆုံးဖြတ်သည်။ အမှတ်ပေးဒိုင် (၃) ဦးစလုံးက စည်းကမ်းချိုးဖောက်၍ ပရိသတ်များ အော်ဟစ် ဆန္ဒပြခဲ့သည့် လုံးချောကို အရှုံးပေးပြီး စောငမန်းကို အနိုင်ပေးခဲ့ရသည်။
အဆိုပါပွဲကို ကြည့်ရှုခဲ့သူ နောက်ပရိသတ်တဦးကလည်း အဆိုပါပွဲကိုကြည့်ရင်း မြန်မာလူမျိုးများ၏ မတရားမှုကို လက်ပိုက်ထိုင်ကြည့်မနေတတ်သည့် စိတ်ထား ပေါ်လွင်ကြောင်း၊ ဝန်ကြီးတပါး ထိုင်နေသည်ကိုပင် ဂရုမစိုက် မကြောက်ဘဲ ဆူပူဆန္ဒပြရဲကြကြောင်း၊ ထို့ကြောင့် ရလဒ်သည်လည်း ပရိသတ်လိုလားသည့် ရလဒ် ဖြစ်ခဲ့ကြောင်း၊ အကယ်၍ ဒိုင်များကသာ လုံးချောကို အနိုင်ပေးလိုက်ပါက ရုံထဲတွင် ၎င်းထက်ကြီးသည့် အဓိကရုဏ်းတခု မြင်တွေ့ရနိုင်ဖွယ်ရှိကြောင်း စသဖြင့် ပြောပြသည်။
စစ်အစိုးရ အုပ်ချုပ်နေသည့် မြန်မာနိုင်ငံတွင် ယခုကဲ့သို့ စစ်အရာရှိ ဝန်ကြီးတဦးရှိနေချိန် ဆူဆူပူပူ ဖြစ်ပွားခြင်းမှာ ဖြစ်တောင့်ဖြစ်ခဲ ဖြစ်ရပ်ဖြစ်သည်။ ယခင်ကသာ ယခုကဲ့သို့ ဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့လျှင် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက ဆူပူသူများကို ရှာဖွေဖမ်းဆီးအရေးယူမည် ဖြစ်သော်လည်း ယခုဖြစ်ရပ်တွင်မူ မတရားမှုကို မနှစ်သက်သည့် ပရိသတ်အင်အားက ကြီးမားနေသဖြင့် မည်သို့မျှ အရေးယူနိုင်ခြင်း မရှိကြောင်း စုံစမ်းသိရသည်။
အဆိုပါနေ့က အားကစားရုံထဲတွင် ပရိသတ် (၂,ဝဝဝ) ကျော်ခန့်ရှိသည်။
From New Era Journal
Saturday, February 21, 2009
Subscribe to:
Posts (Atom)