Friday, February 13, 2015

သီတဂူ ဆရာတော်ဘုရားကြီး လှူဒါန်းသော ကျောက်စာဖွင့်ပွဲ နတ်မောက်မြို့  ဗိုလ်ချုပ်နေအိမ်တွင် အောင်မြင်စွာ ပြုလုပ်ပြီးစီး (ဓာတ်ပုံ)

ယနေ့ ဖေဖေါ်ဝါရီလ၊ ၁၃ရက်နေ့တွင် ကျရောက်သော ဗိုလ်ချုပ် ရာပြည့်ပွဲတော်ကို ဗိုလ်ချုပ်၏ မွေးရပ်ဇာတိ နတ်မောက်မြို့တွင် ကျင်းပခဲ့သည်။

ထိုရာပြည့်ပွဲတော်တွင် သီတဂူဆရာတော်ကြီးမှ ရာပြည့် အထိမ်းအမှတ်ကျောက်စာ လှူဒါန်းခဲ့ပါသည်။

ရာပြည့်ပွဲကို အစီစဉ်သုံးပိုင်းဖြင့် ကျင်းပပြုလုပ်ရာ ပထမအစီစဉ်တွင် အခမ်းအနား ဖွင့်လှစ်ပြီးနောက် ကျေးဇူးတော်ရှင် သီတဂူဆရာတော် ဘုရားကြီးမှ ဗိုလ်ချုပ်၏ဂုဏ်ကျေးဇူးကို သခင်ကိုယ်တော်မှိုင်း ရေး သားသော လေးချိုးဖြင့် ဝေဝေဆာဆာ ရှင်းပြဟောကြားပေးခဲ့သည်။

ထို့နောက်တွင် ဗိုလ်ချုပ်၏ သမီးဒေါ်အောင်ဆန်းကြည်မှ တက်ရောက် လာသော လူထုပရိသတ်ကြီးအား မိမိ၏ ဖခင်တစ်ဦးအဖြစ်လည်းကောင်း၊ တိုင်းပြည်ခေါင်းဆောင်တစ်ဦး အဖြစ်လည်းကောင်း၊ အမျိုးသားခေါင်းဆောင်ကောင်းတစ်ဦး၏ တိုင်းပြည်အပေါ် ထားရှိခဲ့သော သစ္စာတရားကို အဓိကထားကဟောပြောပြီး ဗိုလ်ချုပ်ကို တကယ် ချစ်မြတ်နိုး ပါက ဗိုလ်ချုပ်ဖြစ်စေချင်သော ဒီမိုကရေစီပြည်ထောင်စုကြီးကို တိုင်းရင်းသား ညီအစ်ကို မောင်နှမများ စည်းကမ်းရှိရှိ လက်တွဲကာ အဓွန့်ရှည် တည်တံ့ရန် အတွက် ထိန်းသိမ်းဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားသွားခဲ့ပါသည်။

အစီစဉ် ဒုတိယပိုင်းကို ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်တွင် သီတဂူ ဆရာတော်ဘုရားကြီး လှူဒါန်းသော ကျောက်စာဖွင့်ပွဲ ပြုလုပ်ခဲ့သည်။

သတင်း - သီတဂူထိန်းလင်းဦး၊ သီတဂူကျော်ဆန်းဝင်း၊ သီတဂူမောင်မောင်