Monday, March 19, 2012

ပဒို မန်းငြိမ်းမောင် လွတ်ပြီ

ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ခေါင်းဆောင် တဦးဖြစ်သူ ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခံထားရသော ပဒို မန်းငြိမ်းမောင်ကို ယနေ့နံနက်တွင်အင်းစိန်ထောင်မှ ပြန်လွှတ်ပေး လိုက်ကြောင်း သတင်းရရှိသည်။

“သမ္မတရဲ့ လုပ်ပိုင်ခွင့်အာဏာနဲ့ ပုဒ်မ ၄၀၁ ရယ်နဲ့ လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။ မနက် ၈ နာရီက လွှတ်ပေးပြီးတော့ အခု အက်စ်ဘီ (ရဲအထူးသတင်းတပ်ဖွဲ့) ရုံးကို ခေါ်သွားတယ်လို့ သိရပါတယ်” ဟု ပဒို မန်းငြိမ်းမောင်၏ ရှေ့နေ ဦးကြီးမြင့်က ပြောသည်။

ကရင်အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင် တဦးဖြစ်သူ ပဒိုမန်းငြိမ်းမောင်

ပဒို မန်းငြိမ်းမောင်ကို မိခင်အဖွဲ့အစည်းဖြစ်သည့် KNU သို့ မကြာမီ ပြန်လည်ပေးပို့မည်ဟုလည်း သိရသည်။

ပဒို မန်းငြိမ်းမောင်အား နိုင်ငံတော်ကို စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်မှု ပုဒ်မ ၁၂၂/၁ နှင့် ထောင်ဒဏ် တသက်တကျွန်း၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ နှင့် ထောင်ဒဏ် ၃ နှစ်တို့ဖြင့် အင်းစိန် အထူးတရားရုံးက မတ်လ ၁၃ ရက်နေ့တွင် စီရင်ချက်ချထားခဲ့ရာမှ ယခု ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။

နေပြည်တော်တွင် ယမန်နေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် မီးရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပဒို မန်းငြိမ်းမောင်ကို မကြာမီ လွှတ်ပေးမည်ဖြစ်ကြောင်း သတင်းထောက်များကို ပြောဆိုခဲ့သည်။

ပဒို မန်းငြိမ်းမောင်သည် ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်းက တရုတ်ပြည် ကူမင်းလေဆိပ်မှတဆင့် မြန်မာနိုင်ငံ ရန်ကုန်လေဆိပ်သို့ ပို့ဆောင်ခံရပြီး နိုင်ငံကူးလက်မှတ်တွင် တံဆိပ်တုံးအတု ရိုက်နှိပ်ထားသည်ဟု ဆိုကာ လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ တရားမ၀င် စာရွက်စာတမ်း ကိုင်ဆောင်မှု၊ မတရားအသင်း ဆက်သွယ်မှုများဖြင့် ဖမ်းဆီးအရေးယူ ခံခဲ့ရသည်။

ထို့နောက် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၆၈ နှင့် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၃/၁ တို့အရ ထောင်ဒဏ် ၆ လစီကို တစ်ပေါင်းတည်း ကျခံစေရန် ရန်ကုန်တိုင်း မင်္ဂလာဒုံ တရားရုံးမှ ပြစ်ဒဏ် ချမှတ်ခဲ့သည်။

လွတ်မြောက်ရန် ၂၂ ရက် အလို ပြီးခဲ့သည့် ဇန်န၀ါရီ ၂ ရက်နေ့တွင် မတရားသင်း ကြေညာထားသည့် KNU ဗဟိုကော်မတီဝင် ဖြစ်သည်ဟူသော အကြောင်းပြချက်ဖြင့် နိုင်ငံတော်ပုန်ကန်မှု ဥပဒေ ပုဒ်မ ၁၂၂/၁ နှင့် မတရားအသင်း ပုဒ်မ ၁၇/၁ တို့ဖြင့်ထပ်မံစွဲချက်တင် တရားစွဲခံခဲ့ရသည်။

Friday, March 16, 2012

တံတားနီနေ့ က ကျနော် မှတ်မိခဲ့သော ခွပ်ဒေါင်းအလံတော်။


Friday, March 16, 2012
မတ်လ (၁၆) ရက်နေ့  -
တံတားနီနေ့ က ကျနော် မှတ်မိခဲ့သော ခွပ်ဒေါင်းအလံတော်။
















အဲဒီနေ့  ….. ၁၉၈၈ မတ်လ (၁၆) ရက် နေ့ ။

မနက် (၁၀) နာရီအချိန်လောက်မှာ ... Main ဒါမှ မဟုတ် ရာဇူး (RASU) လို့  ကျနော် တို့ ခေါ်ကြတဲ့ ပင်မတက္ကသိုလ် ရဲ့  RC အာစီရှေ့ မှာ တရားဟောနေတယ် ကြားလိုက်ရတယ် … သွားတော့ နားမထောင်လိုက်ဖြစ်ဖူး။

RIT စက်မှုတက္ကသိုလ်ဘက်က မျက်မှန်တန်းမိနေသူတချို့ ကိုလည်း သုတ်သုတ် သုတ်သုတ်နဲ့  လျှောက်သွားတာ အဓိပတိလမ်းပေါ်မှာ ဖြတ်ခနဲ သတိထားလိုက်မိတယ်။

သိပ်မကြာတဲ့အချိန်မှာတော့ ဘေးနားက ဖြတ်သွားတဲ့ ကောင်မလေးတစ်စု ကွိစိကွစိ ဖြစ်နေတယ် (အမှတ်မမှားဘူးဆိုရင် ခက်ခက်ဦးသာတို့  အုပ်စုထင်တယ်) ... လုံထိန်းတွေ တက္ကသိုလ်ကျောင်းပေါက်အ၀မှာ လုံခြုံရေးချထားတာကို မကျေနပ်လို့  ပြည့်ပြည့် (အဆိုတော်) အိမ်ပြန် ပြီး ဘေ့စ်ဘောတုတ် ယူပြီးပြန်ရိုက်မလို့  အဲဒါကို မယူဖို့ ဖြောင်းဖျနေကြရတယ်ဆိုတဲ့အကြောင်း ... ဘာညာဆိုပြီး ကြားလိုက်ရမိသလိုပဲ … ပြည့်ပြည့်ကတော့ သူ့ အ၀ါနုရောင် မော်တော်ကား 323 နဲ့ RC 2 နဲ့ Main ဖက် ကူးချည်သန်းချည် လုပ်နေတာကိုတော့ မနက်ပိုင်းထဲက သတိထားမိလိုက်တယ်။ ဒါပေမယ် ကိုယ်က သူတို့ အုပ်စုကို သတိထားမိနေပေမယ့် နီးစပ်နိုင်ခဲ့သူ တစ်ယောက်တော့ မဟုတ်။

ဒီလိုနဲ့  နေ့ လည်မွန်းတည့်ချိန်ထိ … မနီးမဝေးကနေ ကြားနေရတဲ့ အသံတွေက မရပ်ပဲ ဆက်ကာ ဆက်ကာပဲ ကျောင်းကြီးထဲမှာ ပဲတင်သံရိုက် ကြားနေရတယ်။

“ငါတို့ကျောင်းသား ရဲဘော်ကိုဖုန်းမော်ကို မဆလ အဏာပိုင် လက်ပါးစေ လုံထိန်းတွေက မတရား ပစ်သတ်လိုက်ကြတယ် … ပြီးတော့ မဟုတ်မမှန်သတင်းတွေ ထုတ်ပြန်တယ် ဒါလုံးဝမတရားဘူး …. ပြီးခဲတဲ့နှစ် စက်တင်ဘာလတုံးကလည်း ၂၅ိ/၃၅ိ/၇၅ိ ကျပ်တန်တွေ ဖျက်သိမ်းခဲ့တယ်၊ ဒါလည်း လုံးဝမတရားဘူး …. နေ၀င်းအုပ်ချူပ်တဲ့ အာဏာရှင် မဆလခေတ်လက်ထက်မှာမှ ငါတို့ နိုင်ငံ အဆင်းရဲ ဆုံး LDC ဖြစ်ရတယ် … ငါတို့ ဘွဲ့ ရလည်း ဘယ်မှာလည်း ဘ၀အာမခံချက် … “ စသည့် စသည့် အသံတွေကို ကြားနေရတယ်။

ဒီလိုနဲ့  ကျနော်လည်း အတန်းတွေလည်း မတက်တော့ဘူး … ကျူတိုရီကယ်တို့ ပရယ်တီကယ်တို့  ဆိုထားတော့၊ အားလုံးက RC ရှေ့ မှာ တရားများ ထပ်ဟောမလားလို့  အဓိပတိလမ်းမတလျှောက်မှာ ကွန်ဗို (ဘွဲ့ နှင်းသဘင်ခန်းမအဆောက်အဦး) ရှေ့ နားမှာ ဟိုတစု ဒီတစု စောင့်နေကြတယ်။ ဘယ်သူကမှ တရားမဟောတော့ပေမယ် ကိုယ့်အစုနဲ့ ကိုယ် မကျေနပ်ချက်တွေကို ကျယ်ကျယ်လောင်လောင်ကြီးကို ပြောနေကြတော့တယ်။

ထူးထူးခြားခြား မှတ်မိနေတာတခုလည်းရှိတယ် … သမိုင်းမြို့ နယ်ဘက်က BPI အရာရှိရိပ်သာမှာ နေတဲ့  ကျောင်းသားတယောက်က ပြောတာ … ဒါနဲ့ တောင်ဗျာ ရဲချုပ်ဦးဖေကြည်ကလေ မတ်လ (၁၃) ရက်နေ့  ညနေခင်း BPI အရာရှိအိမ်ရိပ်သာရှေ့ က တင်းနစ်ကွင်းမှာ သူ့ လုံထိန်းအရာရှိတွေကို ဟန်ရေးပြပြီး ... ခေါင်းကို မရိုက်ရဘူးနော် ခါးအောက်ပိုင်းကိုပဲရိုက်၊ ဒါတောင် ကိုယ့်ကိုအန္တရာယ်ပြုလာမှ … ဆိုပြီး အထူးအဆန်းတွေအနေနဲ့  လာပြီး ကြည့်နေကြတဲ့ BPI ၀န်ထမ်းရိပ်သာကသူတွေရှေ့ မှာ ပဏာယူပြီး ခွန်းမိတ်ခြွေနေသေးတယ် … နောက်နေ့  မနက်စောစော တင်းနစ်ကွင်းထဲမှာ စခန်းချထားတဲ့ သူတို့ ဆီကို ကျနော့် ဂျီးဒေါ်က မနေနိုင်မထိုင်နိုင် သွားပြီး … ညက သေနတ်သံကြားမိသလားလို့  … ဆိုပြီးမေးတော့ ဘာပြန်ပြောတယ်မှတ်လည်း သေနတ်သံ မဟုတ်ရပါဘူး … သူတို့ ကို ကျောင်းသားတွေကသာ ဗြောက်အိုးတွေနဲ့ ပေါက်တာတဲ့ဗျာ … လို့  လိမ်ညာပြီး၊ မတ်လ (၁၃) ရက်နေ့ က ကိုဖုန်းမော်တို့  သေနတ်ဒဏ်ရာနဲ့ ကျဆုံးခဲ့ရတဲ့ အစြဖ်အပျက်ကို အဲဒီလို မျက်နှာဗြောင်တိုက်ပြီး ဖုံးကွယ်ညာပြောခဲ့ပါသေးတယ်။

(မဆလ ရဲချုပ် ဦးဖေကြည်ရဲ့  သမီး မနွဲစိမ်းနဲ့ သူ့ သူငယ်ချင်းတစု RC2 က T4 ရှေ
့အုတ်ခုံမှာ ထိုင်ရင် သွားသွားကြည့်ခဲ့ ရတဲ့ ထမိန်တိုတို ရှန်ပိန်ခေတ်ကိုလည်း မဆီမဆိုင် မှတ်မိနေသေးပါရဲ့ )။

ဘယ်လိုဖြစ်ဖြစ် … ကိုဖုန်းမော်ကိစ္စနဲ့ ပတ်သက်ပြီး မဟုတ်မမှန် သတင်းထုတ်ပြန်ခဲ့တာဟာ ကျောင်းသားထုရဲ့ ဂုဏ်သိက္ခာကို စော်ကားနေတာဆိုတာကိုတော့ နိုင်ငံရေးအသိရှိတဲ့ ကျောင်းသားထုကရော၊ သာမန်ကျောင်းသားထုတွေကရော သဘောပေါက်နေကြတယ်။ မကျေမနပ်လည်း အားလုံး ဖြစ်နေကြတယ်။

တယောက်မကျေနပ်ချက်တွေကို တယောက်မျှဝေနားထောင်နေကြပြီး … အားလုံးက တခုခုကို စောင့်လင့်နေတဲ့အချိန် … ဒီကိစ္စနဲ့  ပတ်သက်ပြီး အာဏာပိုင်တွေဆီကို သွားအရေးဆိုရမယ်ဆိုတာကိုတော့ အားလုံးက နောက်ဆုံးမှာ သဘောတူလိုက်ကြတယ်။

ဒီအချိန်မှာ RC 2 ဘက်က ကျောင်းသားထုကလည်း အခုလို မဆလအာဏာပိုင်တွေ မတော်မတရားလုပ် မဟုတ်မမှန် ကြေညာတာကို မကျေနပ်လို့  အာဏာပိုင်တွေကို အရေးဆိုဖို့  ပင်မ ရန်ကုန်တက္ကသိုလ် Main ထဲက သူတွေနဲ့ ပူးပေါင်းဖို့ ချီတက်လာပြီဆိုတဲ့  သတင်းတွေလည်း ကြားနေရတယ်။ စွပ်ကျယ်စက်နဲ့ ရှေးဟောင်းသုတေသနဌာနနားမှာ လုံထိန်းကားတွေ မနက်ခင်း ကျောင်းအလာမှာ တွေခဲ့ရတာကို ဖြတ်ခနဲ့ သတိရလိုက်ပေမယ့် ဘယ်သူမှလည်း မပြောဖြစ်ကြဖူး။

ဘယ်သူက ဘယ်လိုစလည်းတော့မသိ … စီးပွားရေးတက္ကသိုလ်/အီကို ဘက်ကို ကိုယ့်အစု နဲ့ ကိုယ် ဦးတည်သွားနေတဲ့ ကျောင်းသားထုကတော့ စုစည်းမိပြီး လူတန်းကြီး ဖြစ်နေပြီ။ RC 2 ဘက်က ချီတက်လာသူတွေနဲ့ သွားပူးပေါင်းကြမယ်ပေါ့ … အားလုံးက ပြည်လမ်းမဘက်ကို ဦးတည်လျက် သွားနေကြပါတယ်။

ဒီလိုနဲ့  ရှေ့ ဆုံးက ဦးတည်ချီတက်သွားသူတွေ အီကို ပြည်လမ်းမဘက်က Bus ကားမှတ်တိုင် ဂိတ်ပေါက်ဝ အရောက်မှာတော့ လှည်းတန်းနားတ၀ိုက်က လာရောက်အားပေးနေတဲ့ ပြည်သူလူထုကလည်း လက်ခုပ်တွေ တီးလို့ ပေါ့။

ဘုတ် … ခနဲ့ ကျအလာ … စက္ကူအိတ်တခု …

အဲဒီခေတ်က ခပေါင်း/ဒူးယား ကာတွန်း တွေထုတ်တဲ့  အညိုရောင်စက္ကူမျိုးနဲ့ ထုတ်ထားတဲ့ စက္ကူအိတ်တခု ချီတက်လာနေကြတဲ့ ကျောင်းသားတွေအုပ်ထဲကို ဘုတ်ခနဲ့ ဆို ကျလာတယ်။ ရုတ်တရက်ဆိုတော့ အားလုံးက တခဏတော့ မှင်တက်သွားကြတယ်၊ ကြောင်သွားကြတယ်။

ရှေ့ ဆုံးမှာရောက်နေတဲ့  အုပ်စုထဲက ကျောင်းသားတယောက်က အထုတ်ကို ကောက်ယူပြီး အိတ်ကို ဇတ်ခနဲ ဆွဲဖြဲပစ်လိုက်တယ် …… ပိတ်စ အနီစ တစ်စ လို့ တော့ အားလုံးက မြင်လိုက်ကြတယ်။

သူလည်း ဘာဆက်လုပ်ရမှန်းမသိ တခဏတော့ မှင်တတ်နေတယ် ထင်တယ် … စက္ကန့်  အတိုင်းအတာတခုအထိတော့ ကြာသွားတာ သေချာတယ်။

ဘေးက ရပ်ကြည့်နေတဲ့ လုအုပ်ထဲက သူလိုကိုယ်လို လူတယောက် ထွက်လာပြီး Bus ကားဂိတ်ဘေးက ကွမ်းယာဆိုင်မှာ အမိုးထူဖို့ ထောင်ထားတဲ့ ၀ါးလုံးတိုင်ကို ဆွဲယူပြီး … အဲဒီ အနီရောင်ပိတ်စကို ကိုင်ထားတဲ့ ကျောင်းသားဆီကို ထိုးပေးလိုက်တယ်။

အဲဒီအခါကြမှ အားလုံးဟာ အသက်ဝင်သွားသလို … အနီရောင်ပိတ်စကို ဆွဲဖြန့် လိုက်တယ်။ ၀ါးလုံးတိုင်မှာ ချည်ပြီး လွှင့်တင်လိုက်တယ်။

“ကျောင်းသားသမဂ္ဂ ခွပ်ဒေါင်းအလံ … “

ခြေပန်းကွင်းကို ဖေါက်ဖြတ်ထွက်ပြီး မတရားမှုတွေကို ရင်ကိုကော့ ခေါင်းကိုမော့ တိုက်ပွဲဝင်မဲ့ဟန်နဲ့  … နီလည်းနီ ချွန်လည်းချွန်တဲ့ အတက်အလက်တွေ နဲ့  ခွပ်ဒေါင်း …

အစဉ်အလာကြီးတဲ့ ကျောင်းသားသမဂ္ဂ ခွပ်ဒေါင်းအလံပါခင်ဗျာ …

ဘယ်သူမှလည်း မထင်ထားခဲ့ဘူး ကျနော်လည်း မထင်ခဲ့ဘူး … ဒါ့ထက် …. တခါမှ အပြင်မှာ မမြင်ခဲ့ဘူးတဲ့ ခွပ်ဒေါင်းအလံ …

အနှစ်နှစ် အလလ နှင်းခါးမုန်တိုင်းတွေအောက်မှာ တဆောင်း တမိုး ခိုခဲ့ရတဲ့ ကျောင်းသားသမဂ္ဂခွပ်ဒေါင်းအလံတော် …

မျိုးဆက်အသစ်တွေအတွက် မျိုးဆက်အဟောင်းတွေက ဘ၀တွေ နဲ့ ရင်းပြီး ထိန်းသိမ်းထားခဲ့တဲ့  ဒီအလံ ..... တိုက်ပွဲ နဲ့ အတူ ပြန်ပေါ်လာခဲ့ပါတယ်။ မြင်ရတဲ့သူတိုင်း သွေးတွေ ဆူလာစေတယ်၊ ပြန်လည်တွေးတိုင်းလည်း သွေးတွေ ပူလာစေပါတယ်။

ဒီ ကျောင်းသားသမဂ္ဂ ခွပ်ဒေါင်းအလံတော်ကို ၁၉၈၈ မတ်လ (၁၆) ရက်နေ့  တံတားနီအရေးအခင်း မဖြစ်ခင် မိနစ်ပိုင်းအလိုမှာ နောင်တော်ကျောင်းသားကြီးတွေ မျိုးဆက်ဟောင်းတွေကနေ မျိုးဆက်သစ် ကျောင်းသားကျောင်းသူအပေါင်းကို လက်ပြောင်းလွှဲပေးခဲ့ပါတော့တယ်။

အဲ့ဒီနေ့  ၁၉၈၈ ခုနှစ်၊ မတ်လ (၁၆) ရက်နေ့ မှာ ကံကောင်းထောက်မစွာပဲ ဒါကို ကျနော်တို့ တတွေ တွေ့ ခဲ့ရတယ်၊ မြင်ခဲ့ရတယ်၊ ကြုံခဲ့ရပါတော့တယ်။

အဲဒါနဲ့ တစ်ဆက်ထဲ ခေတ်ကြီးက ပုခုံးပေါ်ကို တင်ပေးလိုက်တဲ့ သမိုင်းတာဝန်တွေကိုလည်း ထမ်းဆောင်ခွင့်ရခဲ့တယ်။ တကယ့် မဟာအခွင့်အရေး တစ်ခုပါပဲ။

မတ်လ (၁၆) ရက်နေ့  (တံတားနီနေ့ ) မှာ အာဏာရှင်လက်ပါးစေ လုံထိန်းတွေရဲ့  လူသားမဆန်စွာ ရိုက်ပုတ်သတ်ဖြတ်မှုကြောင့် ကျောင်းသားကျောင်းသူအပေါင်း သွေးမြေကျခဲ့ရပေမယ့် ဒီ ကျောင်းသားသမဂ္ဂ ခွပ်ဒေါင်းအလံတော်ကို ၁၉၈၈ ဇွန်လ၊ ၁၉၈၈ ၀ါဆိုလပြည့်၊ ၁၉၈၈ သြဂုတ်လ ၃ ရက်၊ ၅ ရက်နေ့ တွေ အထိ… နောက်ဆုံးတော့ ၁၉၈၈ သြဂုတ်လ ၈ ရက် ရှစ်လေးလုံး၊ ၁၉၉၆ ခုနှစ်၊ ၁၉၉၈ ခုနှသ်၊ ၂၀၀၇ ခုနှစ်မှ ယနေ့ အထိ ချီတက်ဆဲ မျိုးဆက်အဆင့်ဆင့်က သယ်ဆောင်နေကြဆဲပါ …

ကျောင်းနံရံ တစ်ဝိုက် ဒေါင်းအလံကို ပိုင်ပိုင်နိုင်နိုင် ပြန်စိုက်နိုင်ရေးအတွက် အားမန်မပျက် ချီတက်နေဆဲပါ။

ရေးသားတင်ပြသူ - ကိုဘ။

(အထက်ဖေါ်ပြပါ ရေးသားတင်ပြမှုတွင် ဖြစ်စဉ်တင်ပြမှု၊ ကျောင်းသားစိတ်ဓါတ် အငွေ့အသက်ရနံ့  ပါဝင်မှု၊ ကျောင်းသားသမဂ္ဂခွပ်ဒေါင်းရဲ့ သမိုင်းတန်ဖိုး၊ အစရှိတာတွေကို လေးနက်ပြည့်ဝအောင် ရေးသားပေးတဲ့ ကိုဘကို ကျေးဇူးတင်ပါတယ်။ ချစ်ခင်သူများ ဖတ်ရအောင် ဖြန့်ဝေမိပါတယ်)။

ကိုပီတာ
စမ်းချောင်း။

Friday, March 9, 2012

ဗုဒ္ဓမြတ်စွာအား ရိုင်းပြစွာ နောက်ပြောင်ခဲ့သည့် NBC ရုပ်သံအစီအစဉ်

ဗုဒ္ဓမြတ်စွာအား ရိုင်းပြစွာ နောက်ပြောင်ခဲ့သည့် NBC ရုပ်သံအစီအစဉ်


အမေရိကန် ရုပ်သံလိုင်းကြီး တစ်ခုဖြစ်သည့် NBC ရုပ်သံတွင် ယမန်နေ့က ထုတ်လွှင့်ပြသခဲ့သည့် အပတ်စဉ် ဟာသအစီအစဉ် ဖြစ် သည့် Saturday Night Live (SNL) တွင် ဗုဒ္ဓမြတ်စွာအား နောက်ပြောင်စော်ကားသည့် Rude Buddha (ဒေါသကြီးသည့် ဗုဒ္ဓ) ဟု အမည်ရသည့် တစ်ခန်းရပ် အစီအစဉ်တစ်ခုအား ယမန်နေ့က ထုတ်လွှင့်သွားခဲ့သည်။

ယင်းအစီအစဉ်တွင် SML သရုပ်ဆောင် Andy Samnberg က သင်္ကန်းရုံကာ ဗုဒ္ဓအဖြစ် သရုပ်ဆောင်သွားခဲ့ပြီး ဗုဒ္ဓမြတ်စွာအား ရိုင်း ပြသော၊ ညစ်ညမ်းသော အသုံးအနှုန်းများ၊ အပြုအမူများဖြင့် နောက်ပြောင်ပြီး ပုံတူဖော်သွားခဲ့သည်။
ဦးစွာပထမအနေဖြင့် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော်က ဗုဒ္ဓပွင့်ခဲ့ကြောင်း၊ ညောင်ပင်အောက်၌ နေထိုင်ရင်း အလုံးစုံသိမြင်သော ဉာဏ်အားရရှိခဲ့ကြောင်း၊ လူအများ၏ ရှေ့ဆောင်လမ်းပြသူ၊ လွတ်မြောက်ရာအား ညွှန်ကြားပြသသူ ဖြစ်လာခဲ့ကြောင်း၊ သို့သော် လည်း ဗုဒ္ဓအနေဖြင့် လူအများမသိသော၊ အနီးကပ်တပည့်များသာသိသော အချက်များရှိသေးကြောင်း၊ ယခုပြသမည့် ဗီဒီယိုသည့် ဒေါသကြီးသောဗုဒ္ဓ၏ အကြောင်းအရာများဖြစ်ကြောင်း စာတမ်းထိုးသွားခဲ့သည်။

ထို့နောက်တွင် သင်္ကန်းရုံကာ ဗုဒ္ဓအသွင်ဖန်တီးထားသည့် Andy Samberg က ယင်းအား လူအများက လာရောက်တွေ့ဆုံပြီး မေးခွန်းများ မေးမြန်းခဲ့သည်များကို တင်ဆက်ပြသသွားခဲ့သည်။

ပထမဦးစွာ လာရောက်ခဲ့သည့် ပုဂ္ဂိုလ်က "ဗုဒ္ဓခင်ဗျား။ ကျွန်တော်ရဲ့စိတ်တွေက အမြဲတမ်း ဂဏာမငြိမ်ဖြစ်နေပါတယ်။ တရားရရှိရေးနဲ့ စိတ်အေးချမ်းရေးကို မည်သို့ဆောင်ရွက်ရပါမလဲ။" ဟု မေးမြန်းခဲ့ရာ ဗုဒ္ဓသရုပ်ဆောင်နေသည့် Andy Samberg က တည်ငြိမ်စွာဖြင့် ပင် "သင်ကြိုက်သော်လည်း ပန်းပွင့်မှာ ကြွေမည်ဖြစ်သလို၊ မြေစာပင်မှာလည်း သင်မကြိုက်သော်လည်း ပေါက်မည်သာဖြစ်မည်။" ဟု ဖြေကြားခဲ့သည်။

အဆိုပါပုဂ္ဂိုလ်က ဆက်လက်ပြီး "ဒါဆိုရင် အရာအရာတိုင်းကို အရှိအတိုင်း လက်ခံရမည်လား။" ဟု ထပ်လောင်းမေးမြန်းရာ Samberg က "မိုင်ထောင်ချီ ရှည်လျားသည့် ခရီးအားလည်း ပထမဆုံးခြေလှမ်းဖြင့်ပင့် စတင်ရမည်ဖြစ်သည်။" ဟု ပြန်လည်ဖြေ ကြားခဲ့သည်။

ပုဂ္ဂိုလ်က ကျေးဇူးတင်ကြောင်း ပြောကြားကာ ထွက်ခွာသွားပြီးနောက် ဗုဒ္ဓသရုပ်ဆောင်နေသည့် Samberg က ယင်း၏ အနီးတွင် ထိုင်နေသည့် တပည့် ၂ ဦး ဘက်သို့လှည့်ကာ "ဒီလူရဲ့ ပထမဆုံးခြေလှမ်းက တောင်စောင်းကပဲ ဖြစ်ရမယ်။ ဟားဟားဟား။ အရှိကို အရှိအတိုင်း လက်ခံရမယ်ဟုတ်လား။ အရှိအတိုင်းကတော့ ဒီလူဘယ်တော့မှ မိန်းမနဲ့မှ အိပ်ရမှာမဟုတ်ဘူး။ ဟားဟားဟား။" ဟု နောက်ပြောင်ပြောဆိုခဲ့သည်။

ထို့နောက် အမျိုးသမီးတစ်ဦး ရောက်ရှိလာခဲ့ပြီး "ကျွန်မရဲ့ ယောက်ခမနဲ့ အဆင်မပြေရပါ။ စိတ်ဒုက္ခ ရောက်ရပါတယ်။ ဒီဘဝကြီးမှာ မနေချင်တော့ပါ။" ဟု ဆိုခဲ့ရာ Samberg က "တရားရဖို့ နည်းလမ်းတစ်ခုထဲသာရှိတာမဟုတ်ပါဘူး။ ရေခွက်တစ်ခုကို ရေတစ်ပေါက်ခြင်း ဖြည့်ရင်းနဲ့ပဲ ပြည့်သွားရတာပါ။" ဟု ပြောကြားသွားခဲ့သည်။

ထိုအမျိုးသမီး ထွက်သွားပြီးနောက် တပည့်များဘက်သို့လှည့်ကာ "ခွက်လို့ပြောလို့၊ ဒီမိန်းကကိုယ်ပေါ်က မုတ်ခွက်တွေကို တွေ့လိုက် လား။ မိုက်လိုက်တာ။ လိင်စိတ်တောင် ကြွလာပြီနော်။ ဟားဟားဟား။ ဗုဒ္ဓလည်း ဒါမျိုးကြိုက်တတ်ပါတယ်။ ဟားဟားဟား။" ဟု ရိုင်းပြစွာ ဆိုသွားခဲ့သည်။

အဆိုးရွားဆုံးမှာ နောက်ဆုံးရောက်ရှိလာသည့် အမျိုးသမီး (Lindsay Lohan) နှင့် ပြောကြားခဲ့သည့် စကားများပင်ဖြစ်သည်။ အဆိုပါ အမျိုးသမီးက ယင်းအနေဖြင့် တရားကျင့်ကြံနေရာ အောင်မြင်မှု မရှိကြောင်း၊ နိဗ္ဗာန်သို့ရောက်ရှိရေး တရားပေးပါဟု တောင်းဆိုခဲ့ရာ Samberg က တပည့်ထံသို့ မသိမသာလှည့်ပြီး ရယ်ခဲ့ပြီးနောက် မျက်နှာအမူအရာ မပျက်စေပဲ အမျိုးသမီးအား "ရှိတာပေါ့ သမီး ငယ်။ သမာဓိနည်းလမ်း (Zen) ကို ပြပေးနိုင်ပါတယ်။ ဒီည ၁၁ နာရီလောက်ကို ပြန်လာခဲ့လေ။ အတူတူ တရားအားထုတ်တာပေါ့။" ဟု ဆိုခဲ့သည်။

ထို့နောက် Lindsay Lohan က "ဒါဆို အရှင်ဘုရားထံမှာပဲ တရားရရှိမှာပေါ့နော်။" ဟု မေးခဲ့ရာ Samberg က ရယ်မောလျက် "ငါရောက်မှာတော့ သေချာတာပေါ့။ ဟားဟားဟား။ သမီးအနေနဲ့ကတော့ အချိန်ပို လုပ်ရမယ်ထင်တယ်။" ဟု ဆိုခဲ့ရာ Lohan က ကျေးဇူးတင်စကားပြောပြီး ထွက်ခွာသွားခဲ့သည်။

Lohan ထွက်သွားပြီးနောက် ဗုဒ္ဓအသွင်ဖမ်း Samberg က တပည့်များထံလှည့်ကာ "သမာဓိနည်း (zen) ဟုတ်လား။ ဟုတ်တာကတော့ ဒီကောင်မလေးကို အိမ်ခေါ်သွားမယ်။ ပြီးရင် အဝတ်တွေချွတ်မယ်။ ကောင်မလေး ဂျူးလူမျိုး မဟုတ်လောက်ဘူးထင်ပါတယ်။ သူ့ကို ဝက်သားလို မြိန်မြိန်စားချင်လို့ပါ။ ဟားဟားဟား။ ငါ့ရဲ့ (သစ်ပင်) သာ ကောင်မလေးရဲ့ (ချုံပုတ်) ထဲ လဲကျမယ်ဆိုရင် အိမ်နီး ချင်းတွေတောင် ကြားရမှာကွ။ ဟားဟားဟား။" ဟု ရိုင်းပြသည့် အသုံးအနှုန်းများဖြင့် ပြောကြားသွားခဲ့သည်ကို တွေ့ရှိခဲ့ရသည်။

SNL အစီအစဉ်သည် အမေရိကန်နိုင်ငံတွင် နာမည်ကျော်သော ဟာသအစီအစဉ် တစ်ခုဖြစ်ပြီး အများသူငါအား ပွင့်လင်းစွာ လှောင်ပြောင်သည့် (Spoofs) အသုံးအနှုန်းများ အစဉ်အမြဲ အသုံးပြုလေ့ရှိသည်။ ယင်းတို့အနေဖြင့် ယခင်က ယေရှုအားလည်း ယခုကဲ့သို့ပင် နောက်ပြောင်ခဲ့ဖူးသည်။

ဒီမိုကရေစီပြည့်ဝသည့် နိုင်ငံတစ်ခုတွင် လူတိုင်းလူတိုင်း လွတ်လပ်ပွင့်လင်းစွာ ပြောဆိုဆွေးနွေးခွင့် ရှိသည်မှာ မှန်သော်လည်း ယခု ကဲ့သို့ ဘာသာတရားတစ်ခုအား ပျက်ရယ်ပြုခြင်း၊ ဗုဒ္ဓမြတ်စွာအား အတုယောင်ပြုပြီး၊ ညစ်ညမ်းသော အသုံးအနှုန်းများဖြင့် နောက် ပြောင်ပြောဆိုခဲ့ခြင်းတို့မှာ လုံးဝဥဿုံ မလုပ်သင့်မလုပ်ထိုက်သည့် အရာများဖြစ်ခြင်းကြောင့် NBC ရုပ်သံလိုင်းနှင့် SNL အစီအစဉ် အား ရွှေလုံးမှ ပြင်းထန်စွာ ရှုတ်ချလိုက်ပါသည်။

မှတ်ချက် - SNL အစီအစဉ်မှ တာဝန်ရှိသူများအား ဆက်သွယ်ရန် ကြိုးပမ်းခဲ့ခြင်းမှာ အောင်မြင်မှု မရရှိခဲ့သလို အီးမေးလ်ပေးပို့ ထားခြင်းအားလည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ကမ္ဘာတစ်ဝန်းမှ ဗုဒ္ဓဘာသာဝင်များထံသို့ ဤသတင်းအား မျှဝေပါရန် တိုက်တွန်း အပ်ပါသည်။ ဤသတင်းအပေါ် စာဖတ်သူတို့၏ တုန့်ပြန်ပြောဆိုမှုများအားလည်း NBC ရုပ်သံဌာနသို့ ပေးပို့သွားမည် ဖြစ်ပါသည်။
ဗုဒ္ဓုဘာသာမှန်သမျှဘာသာတရားကိုကာကွယ်ရမည်။

ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေ..ရွှေဝန်းရတနာ.(၈.၃.၁၂)ကြာသာပတေးနေ့

email..ashinvimala2009@gmail.com
From shwewonyatana

Wednesday, March 7, 2012

အမှန်တရား နှင့် တရားမျှတမှုဖော်ထုတ်ရေးအလုပ်အဖွဲ့ ထုတ်ပြန်ကြေငြာချက် ၁/၂၀၁၂


ABSDF-HQ kumudra88@gmail.com



မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး

အမှန်တရားနှင့်တရားမျှတမှုဖော်ထုတ်ရေးအလုပ်အဖွဲ့

ထုတ်ပြန်ကြေငြာချက် ( ၁/၂၀၁၂)

၁။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်) သည်၊ အမှန်တရားနှင့် တရား မျှတမှု ဖော်ထုတ်နိုင်ရေးအတွက် ဗဟိုကော်မတီအစည်းအဝေး (၁/၂၀၁၂)၊ ဆုံးဖြတ်ချက် အမှတ်(၂)အရ အောက်ပါ ရည်မှန်း ချက်များကိုဖော်ဆောင်နိုင်ရန် အမှန်တရားနှင့်တရားမျှတမှုဖော်ထုတ်ရေးအလုပ်အဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။

(က) သမိုင်းစာမျက်နှာပေါ်တွင်အကြောင်းနှင့်အကျိုးဆိုင်ရာဖြစ်ရပ်မှန်များကိုစုံစမ်းဖော်ထုတ်သွားနိုင်ရေး။

(ခ) ပါဝင်ပတ်သက်သူများအားလုံးအတွက် တရားမျှတမှုနှင့်အမှန်တရားပေါ်ထွန်းရေး။

(ဂ) သက်ဆိုင်သူများအားလုံးနားလည်ကျေနပ်မှုနှင့်ပြန်လည်သင့်မြတ်မှုရရှိစေရေး။

(ဃ) မကဒတ၊ ကျောင်းသားထုနှင့် ပြည်သူလူထုအတွင်း ခိုင်မာသောစည်းလုံးညီညွတ်မှုကို ထိန်းသိမ်းတည်ဆောက်သွား နိုင်ရေး။

(င) အနာဂတ်မြန်မာနိုင်ငံတွင် တာဝန်ရှိမှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှု အလေ့အထကောင်းများ ပေါ်ထွန်းလာစေရေးတို့-ဖြစ်သည်။

၂။ အမှန်တရားနှင့်တရားမျှတမှုဖော်ထုတ်ရေးအလုပ်အဖွဲ့သည် ၁၉၉၂ခုနှစ် ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့က မကဒတ (မြောက်ပိုင်း) ဒေသတွင် ဖြစ်ပျက်ခဲ့သော သွေးထွက်သံယိုဖြစ်မှုအပါအ၀င်၊ ယင်းကိစ္စနှင့် ဆက်နွယ်ပတ်သက်ခဲ့သော ဖြစ်စဉ် များအား မကဒတ လက်နက်ကိုင်တော်လှန်ရေးအတွင်း ၀မ်းနည်းကြေကွဲဖွယ်ရာ သမိုင်းဖြစ်ရပ်တခုအဖြစ် ရှုမြင်သုံးသပ်ပြီး အောက်ဖော်ပြပါလုပ်ငန်းရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်။

(က) ဤဖြစ်ရပ်ဖြစ်စဉ်များနှင့်ပတ်သက်၍ ဓမ္မဓိဌာန်ကျသည့် သမိုင်းမှတ်တမ်းတခုဖော်ထုတ်မှတ်တမ်းတင်နိုင်ရေးအတွက် သက်ဆိုင်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်။

(ခ) နစ်နာခဲ့ရသူများအတွက် တရားမျှတမှုရရှိရေးအတွက် အလေးထားပြီး လေးနက်တည်ကြည်စွာရပ်တည် ဆောင်ရွက် သွားမည်။

(ဂ) မကဒတ အတွင်း လက်ရှိတာဝန်ထမ်းဆောင်နေသော ရဲဘော်များ၊ ရဲဘော်ဟောင်းများနှင့် မြန်မာနိုင်ငံ ကျောင်းသားထု အကြား ခိုင်မာမြဲမြံသော နားလည်မှုနှင့်စည်းလုံးညီညွတ်ရေးကို စဉ်ဆက်မပြတ် တစိုက်မတ်မတ် တည်ဆောက်သွား မည်။

(ဃ) ဤဖြစ်ရပ်ဖြစ်စဉ်များနှင့်ပတ်သက်၍တာဝန်ရှိမှု၊တာဝန်ယူမှုနှင့်တာဝန်ခံမှုကိုဖော်ထုတ်သွားမည်။

(င) အမှန်တရားနှင့်တရားမျှတမှုဖော်ထုတ်ရေးအလုပ်အဖွဲ့၏ အချက်အလက်စုဆောင်းခြင်းနှင့် အစီရင်ခံစာရေးသားခြင်း လုပ်ငန်းအား ၂၀၁၃ ခုနှစ် မေလတွင် အပြီးသတ်ဆောင်ရွက်သွားမည်။

၃။ အထက်ပါ လုပ်ငန်းစဉ်များအား အချိန်မီအောင်အောင်မြင်မြင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံ နှင့် နိုင်ငံတကာတွင် နေထိုင်လျက်ရှိသော မကဒတ ရဲဘော်ဟောင်းများ၊ သက်ဆိုင်သူများနှင့်အမှန်တရား နှင့် တရားမျှတမှု ကို မြတ်နိုးသူအားလုံး၏ ပူးပေါင်းဆောင်ရွက်မှုကို ဖိတ်ခေါ်အပ်ပါသည်။



ဖြောင့်မတ်တည်ကြည်စွာဖြင့်



အမှန်တရားနှင့်တရားမျှတမှုဖော်ထုတ်ရေးအလုပ်အဖွဲ့

မကဒတ (ကျောင်းသားတပ်မတော်)။

ရက်စွဲ ။ ။ ၂၀၁၂ ခုနှစ်၊ မတ် လ ၇ ရက်။



ဆက်သွယ်ရန်။ ။ ရဲဘော်မြင့်ဟိန်း

Tel +66 810 229 208၊ Email: julianoo98@gmail.com

ရဲဘော်ကျော်ကျော်လင်း

Tel +66 862 140 161၊ Email: kyawlin7@gmail.com